တနင်္သာရီ၊ ဩဂုတ် ၂၇

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ တစ်ရက်အတွင်း စစ်ကောင်စီရဲ့ တပ်စခန်းသုံးခု ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်နေ့မှာ စစ်ကောင်စီရဲ့ အောက်ကင်းအခြေစိုက် အမှတ် ၅၅၇ ခြေမြန်တပ်ရင်း၊ တနင်္သာရီတံတားစစ်ဆေးရေးဂိတ်နဲ့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ မိုင်ခလိုဝေ့ တောင်ပေါ်စခန်းကုန်းတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခဲ့တာပါ။

အောက်ကင်းအခြေစိုက် အမှတ် ၅၅၇ ခြေမြန်တပ်ရင်းကို မနက် ၈ နာရီခွဲအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၅ မိနစ်နီးပါးကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးနဲ့ တပ်ကြပ်ကြီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မနက် ၉ နာရီခွဲအချိန်ခန့်မှာလည်း တနင်္သာရီမြို့ဝင် စစ်ဆေးရေးတံတားဂိတ်နဲ့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ တပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ထပ်မံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှု သုံးကြိမ်စလုံးမှာ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရကြောင့် မြို့ဝင်စစ်ဆေးရေးဂိတ်နဲ့ တပ်စခန်းတွေမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် အခြေစိုက်တပ်စခန်းတွေကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ် သုံးကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေ ဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.