နေပြည်တော် ၊ ဩဂုတ် ၂၇

နိုင်ငံကို မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိဖို့ လုပ်ဆောင်သင့်တာကို ဆက်လက်လုပ် ဆောင်မှာ ဖြစ်တာကြောင့် ပြည်သူပါတဲ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဩဂုတ် ၂၅ ရက်နေ့က မန္တ‌လေးတိုင်းအစိုးရအဖွဲ့ဝင်တွေ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာတွေရှိသူတွေနဲ့ တွေ့ ဆုံပွဲမှာ နိုင်ငံအနှံ့စစ်ရှုံးနေတဲ့ စစ်တပ်ရဲ့ ဦးဆောင်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။

ပြည်သူ့လုံခြုံရေးနဲ့ပတ်သက်ပြီး လူတစ်ယောက်ချင်းစီက လုံခြုံရေးအသိစိတ်ရှိရှိနဲ့ လုပ်ဆောင်ဖို့ လိုသလို လမ်း၊ ရပ်ကွက်၊ ကျေးရွာအလိုက် လုံခြုံရေးစနစ်တွေ တည်ဆောက်မယ်ဆိုရင် နယ်မြေလုံခြုံရေးအတွက် ထိရောက်စေမယ်လို့ ဆိုပါတယ်။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ်ဒေသခံတစ်ဦးက သူတို့ဒေသဟာမငြိမ်းချမ်းတဲ့အတွက် စစ်ကောင် စီဘက်က ဒီလိုမျိုးထုတ်ပြန်ညွန်ကြားတာဟာ ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြား သဘော ထားကွဲလွဲမှုတွေ ဖြစ်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ဒေသက မငြိမ်းချမ်းတဲ့ဒေသဖြစ်တယ်။ ဒီလိုထုတ်ပြန်ခြင်းအားဖြင့် ပြည်သူတွေနဲ့ တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကြားထဲမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာနိုင်တယ်။ သူတို့ဘက်က သံသယတွေ ဖြစ်လာနိုင်တယ်။ ဆိုတော့ ကျွန်တော်တို့ပြည်သူတွေက ကြားညှပ်မယ့်သဘောရှိတာပေါ့။ တစ်ဘက်ကလည်း ဖိအားပေးတယ်။ ဒီကလည်း မြို့ရွာကို မစွန့်ခွာနိုင်ဘူးဆိုရင် ဒီဖိအားအပေါ် ဘယ်လိုတုန့်ပြန်မလဲပေါ့။ ဒီဘက်က မလုပ်ဘူးဆိုရင် သူတို့ဘက်က (စကစ) အရေး ယူမှုတွေ ရှိလာနိုင်မလား။ လုပ်ပြန်ရင်လည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒီအပေါ်မှာ ပြဿနာရှိနိုင်တယ်။ နှစ်ဦးနှစ်ဘက်ကြားထဲမှာ ပြည်သူတွေကတော့ တော်တော်လေးကို အကြပ်ရိုက်နေတဲ့အနေ အထားမျိုးရှိတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုအတွင်း တိုင်းစစ်ဌာနချုပ်တစ်ခုကို ပထမဦးဆုံးလက်လွှတ်ခဲ့ရပြီးနောက်ပိုင်း ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

အဖွဲ့ရဲ့ လုပ်ငန်းတာဝန်မှာ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်၊ ခရိုင်၊ မြို့ နယ်နဲ့ ရပ်ကွက် ကျေးရွာအုပ်စုအထိ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။

အဖွဲ့ဝင်တွေကို စစ်သင်တန်းပေးတာ၊ လက်နက်တပ်ဆင်တာ၊ ထောက်ပံ့ပို့ဆောင်တာနဲ့ ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကို ရွှေ့ထုတ်ကယ်ဆယ်ရေးတာဝန်တွေလည်းပေးအပ်ဖို့ စစ်ကောင်စီက စီစဉ်ထားတာပါ။

ထိရောက်စွာ တိုက်ပွဲဝင်နိုင်ဖို့ကိုလည်း အခြေအနေနဲ့ကိုက်ညီတဲ့ နည်းဗျူဟာတွေ လေ့ကျင့်ပေးတာ၊ တပ်ဖွဲ့ ဝင်တွေကို နယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်၊ စစ်မြေပြင်တာဝန်တွေမှာလည်း အသုံးချဖို့ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိ အမျိုးသားတွေကို ပြည်သူ့လုံခြုံရေးကြီးကြပ်ရေးအဖွဲ့ထဲ ပါဝင်ခိုင်းကာ တစ်လကြာစစ်သင်တန်းပေးပြီး ရပ်ကွက်၊ကျေးရွာတွေမှာ လုံခြုံရေးတာ ဝန် ထမ်းဆောင်ရမှာပါ။

အမည်မဖော်လိုတဲ့ နောက်ထပ်မွန်ပြည်နယ်ဒေသခံတစ်ဦးကလည်း စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ မဖြစ်သင့်ကြောင်းနဲ့ အင်အားလည်းမရှိတော့ လုပ်နိုင်စွမ်းတွေ ကုန်သွားတဲ့အတွက် လုပ်ပေါက်ရှာတဲ့သဘောလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မဖြစ်သင့်ဘူးလို့ ပြောချင်တာပေါ့။ ဒါပေမယ့် သူတို့ဘက်က လုပ်နိုင်စွမ်းတွေ ကုန်သွားတော့ မရရအောင် လုပ်ပေါက်ရှာတဲ့သဘောပါပဲ။ အကုန်လုံးက အင်အားမရှိဘူး။ သူ့လူသူ့ဘက်သား အ သက် ၃၀၊ ၄၀ ကျော် တချို့ကတော့ စကစကို ထောက်ခံတဲ့သူတွေများတယ်လေ။ သူတို့ဘက်ကနေ အငြိမ်းစားယူအမှုထမ်းတွေဆို တအားများတဲ့အချိန်မှာ သူ့ရဲ့လူတွေကို တရားဝင်လက်နက်ကိုင်ပြီးတော့ အစုအဖွဲ့တစ်ခုအနေနဲ့ ထုတ်ပေးလိုက်တဲ့သဘောလည်း ပါတာပေါ့။ ပြီးတော့ တခြားသူတွေကိုလည်း ရွာရဲ့ မြို့ပြရဲ့ အင်အားအနေနဲ့ ပကစ ပြည်သူ့စစ်အနေနဲ့ ထားလိုက်တဲ့အခြေအနေက ရပ် ကွက်မြို့ရွာထဲမှာဆို အာဏာပြမှုတွေ ပိုတောင်ဖြစ်လာနိုင်တာပေါ့”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ ပြည်သူ့လုံခြုံရေးစနစ်မှာ ပြည်သူတွေပါဝင်ရင် တည်ငြိမ်အေးချမ်းမှုနဲ့ တ ရားဥပဒေစိုးမိုးမှု ကောင်းမွန်လာပြီး ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သွားနိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပြည်သူတွေကတော့ စစ်တပ်က ပြည်သူကိုကာကွယ်ရမည့်အစား ပြည်သူက စစ်တပ်ကို ပြန်ကာကွယ်ရမယ့် သဘောဖြစ်တဲ့အတွက် လက်မခံနိုင်သလို တိုင်းပြည်မှာ အာဏာသိမ်းစစ်တပ် မရှိမှသာ အေးချမ်းမယ်လို့ မှတ်ချက်ပြုကြပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုအတွင်း နိုင်ငံအနှံ့ ခုခံတော်လှန်စစ်တွေကို စစ်မျက်နှာများစွာ ဖွင့်ထားရပြီး တပ်စခန်းနယ်မြေတွေ ရာနဲ့ချီ ဆုံးရရှုံးခဲ့ရသလို တပ်အင်အားပြုန်းတီးမှုတွေကိုလည်း အကြီးအကျယ်ရင်ဆိုင်နေရတာပါ။

ဒီအတွက်ကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး လက်ရှိမှာ အပတ်စဉ် ၅ အထိ စစ်သင်တန်းပေးခဲ့ပေမယ့် အင်အားလိုအပ်ချက်အရ ပြည်သူ့လုံခြုံရေးစနစ်ကို အ‌ကောင်အထည်ဖော်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေးကနေအစချီကာ လက်ရှိအချိန်အထိ နိုင်ငံတဝန်းက မြို့ပေါင်း ၈၀ ကျော် လက်လွှတ်ဆုံးရှုံးထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.