ဘန်ကောက်၊ သြဂုတ် ၂၄
ထိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့သစ်ကို ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာက ထိန်းချုပ်ထားတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်လို့ သမီးဖြစ်သူ ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက ပယ်ချလိုက်ပါတယ်။
နိုင်ငံရေးသမားတွေ၊ သံတမန်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ တက်ရောက်ခဲ့တဲ့ သြဂုတ် ၂၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံအတွက် အမြင်လို့ နာမည်ပေးထားတဲ့ အခမ်းအနား တစ်ရပ်မှာ ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် တက်ရောက် ဟောပြောခဲ့ပြီးနောက် သမီးဖြစ်သူ လက်ရှိ ဝန်ကြီးချုပ် ပေသွန်ထန်က အခုလိုမျိုး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
အဲဒီအခမ်းအနားမှာ အခမ်းအနားမှာ ဝါရင့်နိုင်ငံရေးသမား သက်ဆင်က နိုင်ငံရဲ့ ယိုင်နဲ့နေတဲ့ စီးပွားရေးကို တည့်မတ်စေမယ့် အဆိုပြုချက်တွေ တင်ပြခဲ့ပါတယ်။
အဲဒီအခမ်းအနားအတွင်းမှာ သက်ဆင် တင်ပြခဲ့တဲ့ အဆိုပြုချက်တွေက အစိုးရအဖွဲ့သစ်ရဲ့ မူဝါဒတွေကို ကိုယ်စားပြုပါသလားဆိုတဲ့ မေးခွန်းကို ဝန်ကြီးချုပ် ပေသွန်ထန်က ပယ်ချပြီး ဖခင်ဖြစ်သူ သက်ဆင်အနေနဲ့ အစိုးရရာထူး ရယူထားသူ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။
“သူက အစိုးရ မူဝါဒကို ကြေညာတာ မဟုတ်ပါဘူး။ သူ့အမြင်ကိုပဲ သူတင်ပြခဲ့တာ ဖြစ်ပါတယ်။ သူပြောသွားတာက ဖူထိုင်းပါတီရဲ့ မူဝါဒနဲ့ တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေပါတယ်” လို့ ပေသွန်ထန်က ပြောကြားခဲ့ပါတယ်။
သက်ဆင်က သမီးဖြစ်သူ ဝန်ကြီးချုပ်နဲ့ အစိုးရကို ထိန်းထားဖွယ်ရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဝန်ကြီးချုပ် ပေသွန်ထန်က မိမိရဲ့ ဖခင်အနေနဲ့ စိုးမိုးဖို့ ကြိုးပမ်းနေတာ မဟုတ်ဘူးဆိုတာ အခိုင်အမာ ပြောလိုကြောင်းနဲ့ သူဟာ ကိုယ်တိုင် စဉ်းစားဆုံးဖြတ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
တိုင်းပြည်စီးပွားရေးဟာ နှိုးဆွရေး အစီအစဉ်တွေ လိုအပ်နေပြီး စီးပွားရေး ကိစ္စတွေကို ကိုင်တွယ်ရာမှာ သက်ဆင်ရဲ့ အတွေ့အကြုံကြောင့် နိုင်ငံအတွက် အကျိုးရှိစေလိမ့်မယ်လို့လည်း ဝန်ကြီးချုပ် ပေသွန်ထန်က ဆိုပါတယ်။
အစိုးရ အဖွဲ့သစ်ရဲ့ မူဝါဒကို လွှတ်တော် ရှေ့မှောက် ကြေညာချိန်မှာ အားလုံးရှင်းရှင်းလင်းလင်း ဖြစ်လာလိမ့်မယ်လို့လည်း ဝန်ကြီးချုပ်က ဖြည့်စွက် ပြောကြားပါတယ်။
ဖူထိုင်းပါတီရဲ့ ဒီဂျစ်တယ် ငွေကြေး ဝေမျှရေး အစီအစဉ်နဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ပေသွန်ထန်က အဲဒီမူဝါဒကို ဆက်လက် အကောင်အထည် ဖော်သွားဖို့ရှိတယ်လို့ ပြောကြားပါတယ်။
အရင်ဦးဆုံးအနေနဲ့ ဆင်းရဲသားတွေအတွက် ရန်ပုံငွေကို လူမှုဖူလုံရေး ကတ်တွေက တစ်ဆင့် ပေးဝေ သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ထိုင်းနိုင်ငံသား သန်း ၅၀ လောက်ကို ဒီဂျစ်တယ်နည်းနဲ့ ဘတ် ၁၀၀၀၀ စီ ပေးဝေဖို့ ရည်ရွယ်ထားတဲ့ အဲဒီအစီအစဉ်ဟာ ဖွဲ့စည်းပုံ အခြေခဥပဒေ တရားရုံးက ဝန်ကြီးချုပ်ဟောင်း ဆရီသာကို ထုတ်ပယ်လိုက်ချိန်မှာ မရေရာ မသေချာ ဖြစ်သွားခဲ့ပါတယ်။
Ref:Bangkokpost