ဘေဂျင်း၊ သြဂုတ် ၂၄

တရုတ်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့ဟာ သြဂုတ် ၂၃ ရက်မှာ တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေးနဲ့ ဂါဇာစစ်ပွဲ အခြေအနေတို့ကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီတို့ ဘေဂျင်းမြို့မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘေဂျင်းမြို့မှာ ကျင်းပတဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တရုတ် – အင်ဒိုနီးရှား ပူးတွဲကော်မတီ ယန္တရားရဲ့ ပဉ္စမအကြိမ်မြောက် အစည်းအဝေး တက်ရောက်ဖို့ ဝန်ကြီး မာဆူဒီဟာ သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ သြဂုတ် ၂၂ ရက်မှာ တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့တာပါ။

မြန်မာ့ပြဿနာ၊ ဂါဇာ စစ်ပွဲ၊ အခြားကိစ္စတွေနဲ့ ပတ်သက်လို့ နှစ်ဖက် အမြင်ကို ဖလှယ်ခဲ့ကြတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မိမိတို့နှစ်နိုင်ငံအနေနဲ့ ဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို ဆက်လက် ခိုင်မာအောင် လုပ်ဆောင်သင့်ပြီး ပင်မအကျိုးစီးပွားတွေကို လုံခြုံအောင် လုပ်ရာမှာ အချင်းချင်း ထောက်ပံ့ ကူညီသင့်တယ်လို့ ဝန်ကြီးဝမ်ယိက ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု သိသိသာသာ ပိုများလာနေချိန်မှာ ဘေဂျင်းဟာ ဂျကာတာအတွက် ဗျူဟာအရ အရေးအပါဆုံး လက်တွဲ ဖော်ဖြစ်လာတယ်လို့ ဝန်ကြီး မာဆူဒီက ပြောပါတယ်။

နှစ်နိုင်ငံကြား လက်တွေ့ဆန်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရေရှည် ဖွံ့ဖြိုးရေး အလားအလာ အပြည့်အဝ ရှိနေတယ်လို့လည်း မာဆူဒီက ပြောဆိုပါတယ်။

ခိုင်မာတဲ့ နှစ်ဖက် ယုံကြည်မှုကို အင်ဒိုနီးရှားက များစွာ အလေးထားပြီး တရုတ်နဲ့ ရင်းနှီးခင်မင်မှုကိုလည်း ကျေနပ် အားရမိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး နယ်ပယ်တွေ တော်တော်များများမှာ ဘေဂျင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားလိုတယ်လို့ ပြောကြားခဲ့ပါတယ်။

တရုတ်နဲ့ အာဆီယံဥက္ကဋ္ဌဟောင်း အင်ဒိုနီးရှားတို့ မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပေမယ့် အသေးစိတ်ကို ဖော်ပြမထားပါဘူး။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ တရုတ်ရဲ့ သံတမန်ရေး ချည်းကပ်မှု ပိုများလာနေချိန်မှာ အခုလို ဝန်ကြီးနှစ်ယောက်ရဲ့ တွေ့ဆုံမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Ref:AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.