လောင်းလုံး၊ ဩဂုတ် ၂၄

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း ပျူစောထီးအဖွဲ့ဝင် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ဩဂုတ် ၂၂ ရက် မနက် ၁၀ နာရီအချိန်ခန့်မှာ ကနဦးအနေနဲ့ ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင်တွေ စုဝေးနေတဲ့နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ပျူစောထီးအဖွဲ့ဝင် အားလုံး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနောက် ဒုတိယပစ်မှတ်အဖြစ် ပျူစောထီးခေါင်းဆောင် ဦးကြည်ဖြူနေအိမ်အား ဝင်ရောက်စီး နင်းစဉ် ဦးကြည်ဖြူဟာ လက်နက်ငယ်နဲ့ ပြန်လည်ခုခံပြီး ထွက်ပြေးလွတ်မြောက်သွားမယ့် တိုက် ခိုက်မှုအတွင်း ပျူစောထီးအဖွဲ့ဝင်ဇနီးဖြစ်သူ ဒေါ်အင်ရွှေသေဆုံးခဲ့ပါတယ်။

တိုက်ခိုက်မှုပြီးနောက် ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးကြည်ဖြူရဲ့ နေအိမ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ရဲ့ တာဝါတိုင်စခန်းကုန်းကနေ လက်နက် ကြီး ၄ လုံး ထက်မနည်း ပစ်ကူပေခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ကျောက်နီမော်ကျေးရွာကို တစ်ရွာလုံးအတိုင်းအတာနဲ့ လုံခြုံရေး တိုးမြှင့်ထားသလို ပင်လယ်ပြင်မှာ ရေတပ်စစ်သင်္ဘော ကင်းလှည့်နေတယ်လို့ တော်လှန်ရေးအင် အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လိပ်ပြာတပ်စု၊ ဂဠုန်တပ်စုနဲ့ ကင်းမြှီး ကောက်ပြောက်ကျားတပ်စုတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကလည်း ကျောက်နီမော်ကျေးရွာရှိ တာဝါတိုင်စခန်းကုန်းကနေ ဈေးလာဆင်းဝယ်တဲ့ စစ်ကောင်စီတပ်သားနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-LLPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.