ကိဗ်၊ သြဂုတ် ၂၃

သမိုင်းဝင် ယူကရိန် ခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီဟာ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ သြဂုတ် ၂၃ ရက်မှာ တွေ့ဆုံခဲ့ပြီး ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲ အဆုံးသတ်ရေး အဖြေရှာဖို့ တွန်းအားပေးမယ်လို့ မျှော်လင့်ထားပါတယ်။

ရုရှား ကျူးကျော်တိုက်ခိုက်ပြီးနောက် နှစ်နှစ်ခွဲ အကြာမှာ ဝန်ကြီးချုပ် မိုဒီက သူ့ကိုယ်သူ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖြစ် ပုံဖော်ထားပါတယ်။

ရုရှားက ယူကရိန်း အရှေ့ပိုင်းဒေသတွေကို သိမ်းယူနေချိန်မှာ ယူကရိန်းကလည်း ရုရှားပိုင်နက်ထဲ ဝင်ရောက်ပြီး ကြီးကြီးမားမား ထိုးစစ်ဆင်မှု ပြုလုပ်နေတာ သီတင်းနှစ်ပတ်ကြာပြီ ဖြစ်ပါတယ်။

“ဘယ်ပြဿနာကိုမှ စစ်မြေပြင်မှာ ဖြေရှင်းလို့ မရနိုင်ပါဘူး” လို့ ဝန်ကြီးချုပ် မိုဒီက သူ့ရဲ့ ခရီးစဉ် မတိုင်ခင်က ပြောကြားထားပါတယ်။

ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ပြန်လည်ရရှိရေး ဆွေးနွေးမှုတွေနဲ့ သံတမန်နည်းလမ်းနဲ့ ကြိုးပမ်းမှုကို အိန္ဒိယက ထောက်ခံပြီး တတ်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်ရမှာ ဖြစ်ကြောင်း သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

မိုဒီဟာ ယူကရိန်းသို့ သွားရောက်တဲ့ ပထမဆုံး အိန္ဒိယဝန်ကြီးချုပ် ဖြစ်ပါတယ်။

ရုရှား အနောက်ပိုင်း ကာ့စ်ဒေသကို ယူကရိန်းက အမှတ်မထင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် မော်စကိုနဲ့ ကိဗ်တို့ကြား သံတမန်နည်းနဲ့ အဖြေရှာဖို့က ပိုလို့တောင် ခက်ခဲသွားပုံရပါတယ်။

ဝန်ကြီးချုပ် မိုဒီဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ရင်းနှီးလွန်းတယ်လို့ ယူကရိန်းမှာ လူတော်တော်များများက ရှုမြင်နေကြတာကြောင့် သူ့အနေနဲ့ ထိရောက်တဲ့ ညှိနှိုင်းသူ တစ်ယောက် ဖြစ်လာနိုင်မလားဆိုတာက မရှင်းမလင်း ဖြစ်နေပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဇူလိုင်လက မော်စကို ခရီးစဉ်အတွင်း ရုရှားခေါင်းဆောင် ကို ပွေ့ဖက်နှုတ်ဆက်ခဲ့တာကြောင့် ယူကရိန်း နိုင်ငံသားတွေရဲ့ ရှုတ်ချတာ ခံခဲ့ရပြီးဖြစ်ပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး အဖြေရှာနိုင်မယ့် အလားအလာတွေကို ဝန်ကြီးချုပ် မိုဒီက သမ္မတ ဇီလန်စကီးနဲ့ ဆွေးနွေးဖို့ မျှော်လင့်ထားပြီး ယူကရိန်း-အိန္ဒိယ ရင်းနှီးခင်မင်မှု ပိုမို နက်ရှိုင်းလာစေရေးလည်း ဆွေးနွေးသွားဖို့ စီစဉ်ထားပါတယ်။

မိုဒီနဲ့ တွေ့ဆုံမှုအတွင်း စာရွက်စာတမ်း အများအပြား လက်မှတ်ရေးထိုးဖို့ မျှော်လင့်ထားကြောင်း သမ္မတ ဇီလန်စကီးက ပြောကြားထားပါတယ်။

သမိုင်းအစဉ်အလာအရ အိန္ဒိယဟာ ရုရှားနဲ့ နွေးထွေးတဲ့ ဆက်ဆံရေး ရှိပြီး ဒေသဆိုင်ရာ ပြိုင်ဖက် တရုတ်ကို ယှဉ်ပြိုင်ရေးအတွက် အနောက်တိုင်းနဲ့လည်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.