မော်လမြိုင် ၊ ဩဂုတ် ၂၄

မွန်ပြည်နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ တခြားဒေသထံ မပြောင်း ရွှေ့ရရေးအတွက် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်အကြီးအကဲတွေကို အကြီးအကျယ် လာဘ်ထိုးတာတွေရှိနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီက လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့အစား ပြောင်းရွှေ့တာဝန်ပေးတာတွေ လုပ်ဆောင်နေတာကြောင့် အပြောင်းအရွှေ့မကျရေး လာဘ်ထိုးမှုတွေ ရှိနေတာပါ။

ဒါ့အပြင် ပြည်နယ်အတွင်းကနေ ပြောင်းရွှေ့ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ရှမ်းမြောက်၊ ရခိုင်၊ကချင်နဲ့ အညာဒေသတိုက်ပွဲတွေမှာ သေဆုံးမှုများပြားနေပြီး အလောင်းတောင် ပြန်မရတဲ့အခြေအနေကြောင့် ရဲတပ်ဖွဲ့ဝင်တွေအကြား စိုးရိမ်မှုမြင့်တက်နေတယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့ မကျရေးအတွက် လာဘ်ထိုးရာမှာ ငွေကြေးတွေအပြင် တန်ဖိုးရှိအသုံးအဆောင်တွေကိုပါ လာဘ်ထိုးနေရပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ဇနီးမယားတွေကလည်း အကြီးအကဲနေအိမ်တွေမှာ အစေခံသဖွယ် လုပ်ကိုင်ပေးနေရတယ်လို့ ရဲတပ်ဖွဲ့ဝင်နဲ့နီးစပ်သူတွေက ပြောပြပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် အကြီးအကဲတွေနဲ့ နီးစပ်မှုမရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း တိုက်ပွဲဖြစ်ပွားရာ ဒေသတွေထံ ပြောင်းရွှေ့ခံရပါက ရဲပြေးလုပ်ဆောင်တာအပြင် တော်လှန် ရေးတပ်ဖွဲ့တွေထံ ဝင်ရောက်ခိုလှုံတာတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကတော့ ပြည်နယ်အတွင်း ရဲပြေးမရှိရေးအတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ရဲစခန်းတွေမှာ လိုက်လံစည်းရုံးတာတွေ လုပ်ဆောင်ခဲ့သလို တိုက်ပွဲတွေအတွင်း သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ထိုက်ထိုက်တန်တန် မှတ်တမ်းတင် ဂုဏ်ပြုသွားမယ်ဆိုပြီး စည်းရုံးခဲ့ပါတယ်။

မွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေရဲ့ အဆိုအရ အာဏာသိမ်းကာလအတွင်း ပြည်နယ်အတွင်းက ရဲတပ်ဖွဲ့ဝင် ၃၀၀ ထက်မနည်း ထွက်ပြေးသွားပြီး အများစုဟာ တိုက်ပွဲပြင်းထန်တဲ့ ဒေသတွေကို ပို့ခံရတာ၊ ရဲစခန်းတွေ မကြာခဏတိုက်ခိုက်ခံရတာ၊ စစ်ကောင်စီဘက် နယ်မြေလုံခြုံရေး ဆုံးရှုံးသွားတဲ့ ဒေသရှိရဲစခန်းတွေက တပ်ဖွဲ့ ဝင်တွေဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ဘီးလင်း၊သထုံ၊ရေး၊သံဖြူဇရပ်နဲ့ကျိုက်မရောမြို့နယ်က စစ်ကောင်စီနယ်မြေရဲစခန်းနဲ့ ရဲကင်းစခန်း ၁၀ ခုနီးပါး လက်လွှတ်ထားရပြီး မြို့ပေါ်ရဲစခန်းတွေထံ အင်အားစုပေါင်းသွားတာတွေ ရှိနေပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း ရဲ တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.