ရန်ကုန်၊ သြဂုတ် ၂၃

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း မြေမြှုပ်မိုင်းတွေနဲ့ စစ်ပွဲအတွင်း အခြားဖောက်ခွဲရေးပစ္စည်း အကြွင်းအကျန်တွေကြောင့် ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးသူ အရပ်သား ၆၉၂ ဦး ရှိခဲ့တယ်လို့ ကုလသမဂ္ဂ နိုင်ငံတကာ ကလေးငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF Myanmar ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

အရင်နှစ်ကနဲ့ နှိုင်းယှဉ်ရင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူ အရေအတွက်ဟာ ၆၆ ရာခိုင်နှုန်း ပိုများလာတယ်လို့ UNICEF Myanmar ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

ထိခိုက်သူတွေထဲမှာ ၃၂ ရာခိုင်နှုန်းက ကလေးငယ်တွေ ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရှမ်းပြည်နယ်မှာ အရပ်သား သေဆုံးမှုအများဆုံး ဖြစ်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး အရပ်သား သေဆုံးမှုရဲ့ ၂၄ ရာခိုင်နှုန်းကို ကိုယ်စား ပြုနေပါတယ်။

“မြေမြှုပ်မိုင်းတွေ အသုံးပြုတာဟာ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ ရှိတဲ့ လူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်ပါတယ်။ မြေမြှုပ်မိုင်းတွေကို ဆင်ဆင်ခြင်ခြင် သုံးသင့်တယ်လို့ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့တွေကို ကျွန်တော် အကြံပြုပါတယ်” လို့ ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်း SHRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယင်လမ်းဟန်က DVB သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းတွေနဲ့ ဖောက်ခွဲရေးပစ္စည်း အကြွင်းအကျန်တွေကြောင့် ထိခိုက်သူ ၁၀၅၂ ဦးအထိ ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဟာ အရပ်သား ထိခိုက်သေဆုံးမှု ဒုတိယအများဆုံး ဖြစ်ပြီး စုစုပေါင်းဖြစ်ရပ် ၆၉ ခုမှာ သေဆုံးသူ ၁၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၉၉ ဦး ရှိပါတယ်။

လမ်းပေါ်မှာ PDF တပ်ဖွဲ့ တစ်ဖွဲ့ ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို တက်နင်းမိလို့ အရပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ ယင်းမာပင် ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်တပ်က အများဆုံး အသုံးပြုတဲ့ လမ်းတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နိုင်တဲ့အတွက် ကျွန်တော်တို့ အဲဒီနေရာတွေကို သတိထားရပါမယ်။ မိုင်းတွေ ထောင်ထားနိုင်တဲ့ နေရာတွေကို ကျွန်တော်တို့ ရောင်ရှားရပါမယ်လို့ ဆိုပါတယ်။

PDF တွေနဲ့ အခြား တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ မိုင်းထောင်ထားတဲ့ နေရာတွေကို အသိပေးထားဖို့ ဒေသခံတွေက သူတို့ရှောင်ရှားနိုင်ရေးအတွက် တိုက်တွန်းထားကြပါတယ်။

ရခိုင်ပြည်နယ်ဟာ မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှု တတိယ အများဆုံး ဖြစ်ပြီး သေဆုံးသူ ၁၅ ဦး ထိခိုက်ဒဏ်ရာရသူ ၆၇ ဦး ရှိပါတယ်။

ဧရာဝတီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ နေပြည်တော်၊ တနင်္သာရီနဲ့ ရန်ကုန် အပြင် ကချင်၊ ချင်း၊ ကရင်နီ၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက် သေဆုံးသူ စုစုပေါင်း ၃၂၅ ဦး ရှိပါတယ်။

“တော်လှန်ရေး အောင်မြင်ခဲ့မယ်ဆိုရင်တောင် အဲဒီ မြေမြှုပ်မိုင်းတွေက သူ့အလိုလို ပျောက်သွားမှာ မဟုတ်ပါဘူး။ အဲဒီမှာ ရှိနေဦးမှာပါပဲ။ လူတွေအတွက် အန္တရာယ် ဆက်ရှိနေဦးမှာပါပဲ။ ကျွန်တော်တို့ကတော့ အဲဒီမိုင်းတွေကို ဆက်လက် ရှာဖွေ ရှင်းလင်းနေဦးမှာ ဖြစ်ပါတယ်” လို့ ကရင်နီပြည်နယ်က မိုင်ရှာဖွေရေး စေတနာ့ဝန်ထမ်း တစ်ဦး ဖြစ်သူ ဖိုးဇော်က DVB သို့ ပြောကြားထားပါတယ်။

Ref:DBV

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.