“ကျုးလွန်မှုတွေက စစ်တပ်တစ်ခုတည်းကချည်း လုပ်တာမဟုတ်ဘူး။ စစ်တပ်ကတော့ပိုပြီး ဆိုးရွားတာပေါ့လေ။ နောက် ကာကွယ်ရေးတပ်ဖွဲ့တွေ နောက်အမည်မသိအဖွဲ့တွေ ကျုးလွန်တာမျိုးလည်း ရှိနေတယ်” – ကိုယောလေး (PMCSG)

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံ တဝန်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ပိုဆိုးသထက် ဆိုးလာနေပါတယ်။ အဲဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုပ်ဆောင်ကြတဲ့သူတွေထဲမှာ စစ်ကောင်စီက ထိပ်ဆုံးကဖြစ်ပေမယ့် ကာကွယ်ရေး တပ်ဖွဲ့တွေ၊ နောက်ပြီး အမည်မသိအဖွဲ့ တွေ ကျူးလွန်နေတာမျိုးတွေကို စုံစမ်းသိရှိထားရတယ်လို့ ပဉ္စမမဏ္ဍိုင်ပြည်သူ့ကူညီပေးရေးအဖွဲ့ (PMCSG) ထူထောင်သူ ကိုယောလေးက ဆိုပါတယ်။

သူတို့ရဲ့ PMCSG အဖွဲ့အနေနဲ့ မကွေးတိုင်းအပါအဝင် မြန်မာပြည် တနံတလျားက ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်လိုမှတ်တမ်းတင်နေတယ်။ ဘယ်လိုအဖြစ်အပျက်တွေကို လေ့လာတွေ့ရှိရသလဲ။ ကျူးလွန်သူတွေနဲ့ တာဝန်ယူမှု တာဝန်ခံမှု အခြေအနေတွေကရော ဘယ်လိုရှိသလဲဆိုတာတွေကို သိရဖို့ ကိုယောလေးနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။

မေး – အရင်ဦးဆုံးအနေနဲ့ မကွေးတိုင်းထဲက လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုရှိနေလဲဆိုတာ ပြောပြပေးပါ။

ဖြေ – ကျွန်တော်ရဲ့ နာမည်ကတော့ ကိုယောလေးဖြစ်ပါတယ်။ PMCSG ရဲ့ Founder လည်းဖြစ်ပါတယ်။ မကွေးတိုင်းအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေကတော့ တခြား ပြည်နယ်နဲ့ တိုင်းတွေမှာလိုပဲ ကြုံတွေ့နေရတာတွေ ရှိပါတယ်။ 

ဥပမာ – ဖမ်းဆီးနှိပ်စက်တာတွေ သတ်ဖြတ်တာတွေ ဆက်တိုက်ပဲ။ ဒီဖြစ်စဉ်တွေဟာ report ထဲမှာပါသလိုပဲ။ အုပ်စုသုံးအုပ်စုပေါ့။ အုပ်စုထဲမှာ စစ်အုပ်စုရယ် နောက်တစ်ခါ ကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်။ နောက်အခြားအမည်မခံတဲ့ အုပ်စုတွေ ကျုးလွန်တာတွေလည်း ကျွန်တော်တို့ ကြုံတွေ့နေရတာ ရှိပါတယ်။ 

ဆိုးဆိုးဝါးဝါး ကမ္ဘာကျော်တဲ့အထိ ဖြစ်တာမျိုးတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိပါတယ်။ စစ်ရာဇဝတ်မှုတွေ ကျုးလွန်တဲ့ အနေအထားမျိုးတွေလည်း တွေ့ရပါတယ်။

မေး – ဒီ ၂၀၂၄ ခုနှစ် နှစ်ဝက်ကျော်အတွင်း ဘယ်လိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အများဆုံးကြုံတွေ့နေရလဲ။

ဖြေ – ဒီနှစ်အတွင်းမှာတော့ အများစု ကျုးလွန်တာက ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းတာပေါ့လေ။ အဲဒီဖြစ်စဉ်တွေက အများဆုံးဖြစ်ပါတယ်။ တချို့ဆိုရင် ဖမ်းဆီးရိုက်နှက်ရင်းနဲ့ သေဆုံးသွားတဲ့ ဖြစ်စဉ်မျိုးလည်း တွေ့ရပါတယ်။ 

နောက်တစ်ချက်က သွားလာရေး ကန့်သတ်မှုတွေပေါ့။ စစ်ကောင်စီတွေရဲ့ ယန္တရား သာမက ကာကွယ်ရေးတပ်ဖွဲ့၀င်တွေရဲ့ လုံခြုံရေးမဟုတ်ဘဲနဲ့ အခြား အခြေအနေတွေအရ ပိတ်ပင်ကန့်သတ်တာမျိုးရှိပါတယ်။ ဥပမာအားဖြင့် စစ်ရေးလေ့ကျင့်နေလို့ ဖြတ်သန်းသွားလာခွင့် မပြုတဲ့ အနေအထားပေါ့။ အများပြည်သူ အသုံးပြုနေတဲ့ လမ်းမကြီးတွေပေါ့လေ။ ဒီအခြေအနေမျိုးတွေ တွေ့ရှိရပါတယ်။

မေး –  ဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ စစ်ကောင်စီတပ်အပြင် တခြားတော်လှန်ရေး အင်အားစုတွေရဲ့ ချိုးဖောက်မှု အခြေအနေတွေလည်း ဘယ်လိုရှိလဲ။

ဖြေ – ကျုးလွန်မှုတွေက စစ်တပ်တစ်ခုတည်းကချည်း လုပ်တာမဟုတ်ဘူး။ စစ်တပ်ကတော့ပိုပြီး ဆိုးရွားတာပေါ့လေ။ နောက် ကာကွယ်ရေးတပ်ဖွဲ့တွေ နောက်အမည်မသိအဖွဲ့တွေ ကျုးလွန်တာမျိုးလည်း ရှိနေတယ်။ 

အခြေခံ လူ့အခွင့်အရေး ကြေညာချက်ထဲက ကိစ္စရပ်တွေပေါ့။လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်တွေ အဲဒီလိုမျိုးတွေ ကြုံတွေ့ရပါတယ်။

မေး – တော်လှန်ရေး အင်အားစုတွေက ကျူးလွန်တဲ့ ချိုးဖောက်မှုတွေကို NUG MOD ဘက်က ဘာတွေ လုပ်ဆောင်ပေးနေတာတွေရှိလဲ။ အဲဒီ ပြဿနာတွေကို ဘယ်လို ဖြေရှင်းနေလဲ။

ဖြေ – ဒီကိစ္စတွေနဲ့ပတ်သက်ပြီး NUG လို့ပြောမလား။ MOD လို့ပြောမလား။ ထုတ်ပြန်တာမျိုး မတွေ့ရဘူးဗျ။ စစ်ဆေးဆောင်ရွက်တဲ့ ကိစ္စတွေ မတွေ့ရဘူး။ ဖမ်းဆီးစစ်ဆေးပြီး နောက်တစ်ခုက အခွင့်အာဏာ အလွဲသုံးစားမှုတွေမျိုးတောင်မှ ထပ်တွေ့ရတယ် ဆိုတော့ သူတို့ဘက်က စစ်ဆေးမှုတွေမရှိဘူး ပွင့်လင်းမြင်သာမှုတွေ မရှိဘူး လို့ပဲ ပြောရမှာပေါ့။

မေး –  ပြီးရင် တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေကို ကောက်ယူတဲ့အခါမှာ ဘယ်လို အခက်အခဲတွေနဲ့ ကြုံတွေ့နေရလဲ။ အဲဒါတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းနေလဲ။

ဖြေ – အထူးသဖြင့် ဒေတာတွေကောက်ရတဲ့အခါမှာ မသိအောင် ကောက်ရတဲ့ အနေအထားမျိုးရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဘက်မလိုက်ဘဲ ကောက်ရတာမျိုး ဖြစ်တော့ ကျွန်တော်တို့ရဲ့ လုံခြုံရေး သွားလာလှုပ်ရှားရေးတွေကို အထူးသတိထားပြီးမှ ကောက်ရတာမျိုးရှိတယ်။ 

နောက်တစ်ခု သက်သာရာက ကျွန်တော်တို့ ကိုယ်တိုင်က လက်နက်ကိုင် တော်လှန်ရေးလုပ်နေတဲ့သူတွေ ဖြစ်တဲ့အတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အရိပ်အာဝါသ ပေါ့လေ။ ဒါတွေနဲ့ လုံခြုံရေးအခြေအနေတွေ ဆောင်ရွက်ရတာ ရှိပါတယ်။ 

လက်ရှိ ဒေတာ ကောက်တာတွေနဲ့ ပတ်သက်လို့ ဘယ်သူဘယ်ဝါ လုပ်နေတယ် ဆိုတာမျိုးတွေတော့ ကျွန်တော်တို့ ဒေသတွင်းမှာ ထုတ်ပြန်တာမျိုးတွေ မရှိပါဘူးဗျ။ No profile (နာမည်ခေါင်းစဉ်မဖော်ပြဘဲ) နဲ့ပဲ လုပ်ဆောင်နေရတာမျိုးတွေ ရှိပါတယ်။

မေး –  ဒီစစ်ကောင်စီနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေနဲ့ ပတ်သက်ပြီး PMCSG အနေနဲ့ ဘာများပြောကြားချင်တာရှိလဲ။

ဖြေ – အထူးသဖြင့် တော်လှန်ရေးဆိုတာက ခေတ်ပြောင်း စနစ်ပြောင်း လုပ်နေတာဖြစ်တယ်။ လက်နက်ကိုင် တော်လှန်ရေးလုပ်နေတဲ့ နေရာမှာ ဒါမျိုးတွေ ဖြစ်လေ့ဖြစ်ထ ရှိသော်လည်း သူများလုပ်တိုင်း မလုပ်ဖို့လိုတယ်။ နောက် အထူးသဖြင့်ကတော့ ကာကွယ်ရေးတပ်တွေဘက်ကပေါ့လေ။ သူများလုပ်တိုင်း မလုပ်ဖို့လိုတယ်။ 

သူများလုပ်သလို ကိုယ်က လိုက်လုပ်မယ်ဆိုရင် ကိုယ်တိုက်ထုတ်နေတဲ့ စစ်ကောင်စီနဲ့ ဘာမှထူးမှာမဟုတ်ဘူး။ အဲဒါမျိုးတွေ မဖြစ်ဖို့ အထူးသဖြင့် လိုတယ်။ နောက် အမှားအယွင်းတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိရှိ ဖြေရှင်းပေးဖို့ လိုအပ်တယ်။ 

နောက် ပြည်သူကို မျက်နှာမူပြီး အမှားအယွင်း နည်းနိုင်သမျှ နည်းအောင်လုပ်ဖို့ အကြံပြုချင်တာ ရှိပါတယ်။ ဒီအပေါ်မှာ ဘာလုပ်ပါ ညာလုပ်ပါလို့ ပြောဆိုနိုင်ခြင်း မရှိဘူး။ အကြံပြုတဲ့ အဆင့်ပဲ လုပ်နိုင်ခြင်း ရှိပါတယ်။

မေး – ဖြည့်စွက်ပြောကြားချင်တာများရှိရင် ပြောကြားပေးပါခင်ဗျား။

ဖြေ – လက်ရှိ အခင်းအကျင်းတွေနဲ့ ကြုံတွေ့နေရတဲ့ မြေပြင် အခြေအနေတွေပေါ်မှာ ပြည်သူတွေ ယုံကြည်ကိုးစားကြတဲ့ တော်လှန်ရေးအနေနဲ့ အောင်မြင်အောင် ဆွေးနွေးတိုင်ပင် ပေါင်းစပ်မှုတွေ၊ နောက်တစ်ခုက ထိန်းကြောင်းကွပ်ကဲမှုတွေ အပိုင်းတွေမှာ များများလေး လုပ်ဆောင် ပေးစေချင်ပါတယ်။ 

သို့မှသာ အားလုံးလိုချင်တဲ့ တော်လှန်ရေးက အောင်မြင်မှာ ဖြစ်ပါတယ်။ အမှားအယွင်းနည်းနည်းကနေ ထပ်ပြီး မှားယွင်းတာမျိုး မဖြစ်အောင် အထူးဂရုစိုက်ပြီး လုပ်စေချင်ပါတယ်။

သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.