မော်စကို၊ သြဂုတ် ၂၂
ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်မှာ ကရင်မလင်နန်းတော်ကနေ တရုတ် ဝန်ကြီးချုပ် လီကီကျန်းကို ကြိုဆိုချိန်မှာ သမ္မတ ဗလာဒီမာ ပူတင်က ရုရှားရဲ့ တရုတ်နဲ့ စီးပွားရေး၊ ကုန်သွယ်ရေး အဆက်အသွယ်တွေကနေ ရလဒ်တွေ ထွက်ပေါ်လာပြီလို့ ပြောကြားပါတယ်။
ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ပြီး နောက်ပိုင်း အနောက်တိုင်းရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားဟာ တရုတ်ကို သူတို့ရဲ့ စီးပွားရေး အသက်သွေးကြောအဖြစ် ရှုမြင်ပြီး နှစ်နိုင်ငံကုန်သွယ်မှု စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။
မိမိတို့ရဲ့ ကုန်သွယ်ရေး ဆက်ဆံရေးဟာ အောင်မြင်စွာ ဖွံ့ဖြိုးလာခဲ့ပြီး နှစ်နိုင်ငံ အစိုးရတွေက ကုန်သွယ်ရေးနဲ့ စီးပွားရေး ဆက်ဆံရေးတွေကို အာရုံစိုက်ထားတာကြောင့် ရလဒ်တွေ ထွက်ပေါ်လာပြီ ဖြစ်ကြောင်း ပူတင်က လီကီကျန်းနဲ့ တွေ့ဆုံချိန်မှာ ပြောကြား ပါတယ်။
လီကီကျန်းကလည်း တရုတ်-ရုရှား ဆက်ဆံရေးတွေဟာ မကြုံစဖူး အနေအထားမျိုးအထိ မြင့်တက်လာခဲ့တယ် လို့ ပူတင်ကို ပြောကြားပါတယ်။
လီကီကျန်းနဲ့ သီးခြားတွေ့ဆုံရာမှာ ရုရှား ဝန်ကြီးချုပ် မီခေးလ် မီဟူစတင်က နှစ်နိုင်ငံဆက်ဆံရေးဟာ တည်ငြိမ်တဲ့ ဆက်ဆံရေး ဖြစ်တယ်လို့ ပြောကြားပြီး ကြိုဆိုခဲ့ပါတယ်။
ကမ္ဘာ့အခြေအနေဟာ ပုံစံသစ် တစ်ခုအနေနဲ့ ဖြစ်ပေါ်လာနေချိန်မှာ မိမိတို့ရဲ့ လက်တွဲ ဆောင်ရွက်မှုနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေဟာ အထူးသဖြင့် အရေးကြီးကြောင်း ဝန်ကြီးချုပ် မီဟူစတင်က ပြောကြားခဲ့ပါတယ်။
ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုကြောင့် နှစ်နိုင်ငံစလုံး စီးပွားရေး ဖွံ့ဖြိုးပြီး နှစ်နိုင်ငံစလုံးရှိ ပြည်သူတွေရဲ့ ဘဝ အရည်အသွေး တိုးတက်လာရတယ်လို့ ရုရှားဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။
တရုတ် ဝန်ကြီးချုပ် လီကီကျန်းရဲ့ မော်စကို ခရီးစဉ်အတွင်း ရုရှားနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုတွေ လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့ရေးရာ ကိစ္စရပ်တွေကို အမေရိကန်က ကြီးစိုးချယ်လှယ်နေတယ်လို့ မော်စကိုနဲ့ ဘေဂျင်းတို့က ရှုမြင်ပြီး အနောက်တိုင်းကို ဆန့်ကျင်နေကြပါတယ်။
ဝန်ကြီးချုပ် မီဟူစတင်က မိမိတို့အနေနဲ့ ဘုံအကျိုးစီးပွားတွေကို ကာကွယ်သင့်တယ်လို့ သြဂုတ် ၂၁ ရက်မှာ ပြောကြားထားပါတယ်။
အနောက်တိုင်းရဲ့ အရေးယူ ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားက သူတို့ရဲ့ ကုန်သွယ်ရေး အခြေခံ ငွေကြေးအနေနဲ့ အနောက်တိုင်း ငွေကြေး မဟုတ်တဲ့ ငွေကြေး တစ်မျိုးကို သုံးစွဲရေး တွန်းအားပေးနေပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်ရာမှာ ကြားနေမယ်လို့ တရုတ်က ပြောကြားပြီး အမေရိကန်နဲ့ အခြား အနောက်နိုင်ငံတွေလို မဟုတ်ဘဲ ဘယ်နိုင်ငံကိုမှ လက်နက်ပေးပို့ ကူညီမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
ဒါပေမဲ့ ရုရှားရဲ့ နိုင်ငံရေး၊ စီးပွားရေးအရ ရင်းနှီးတဲ့ မဟာမိတ် ဖြစ်တဲ့ တရုတ်ကို နေတိုး မဟာမိတ်နိုင်ငံတွေက ပဋိပက္ခ ဖြစ်စေနိုင်တဲ့ အစိုးရအဖြစ် သတ်မှတ်ထားကြပါတယ်။
Ref:AFP