မော်လမြိုင် ၊ ဩဂုတ် ၂၃
အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်း စံချိန်တင်ထိုးတက်လာမှုနဲ့အတူ ဝင်ငွေနဲ့ထွက်ငွေမမျှတဲ့ပြဿနာကြောင့် ပြည်သူတွေဟာ စားဝတ်နေရေးအကျပ်အတည်း ဆိုက်လာခဲ့ပါတယ်။
အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ အာဏာသိမ်းကာလအတွင်း ပစ္စည်းတစ်မယ်ကို အနည်ဆုံးသုံးဆကနေ ၁၀ ဆကျော်အထိ ဈေးနှုန်းမြင့်တက်လာပါတယ်။
အဲဒီထဲမှာ အိမ်မရှင်တွေ မရှိမဖြစ် အသုံးပြုနေရတဲ့ ဆန်ဈေးနှုန်းကလည်း အရင်က တစ်အိတ်ကို ကျပ် ၃၀၀၀၀ ကျော်သာရှိခဲ့ပေမယ့် အခုအခါမှာတော့ တစ်အိတ်ကို ကျပ်တစ်သိန်းခွဲကျော်အထိ ခုန်တက်လာတာပါ။
ဒါ့အပြင် စားသုံးဆီဈေးနှုန်းကလည်း အာဏာသိမ်းအစက တစ်ပိဿာကို ကျပ် ၂၀၀၀ ကျော်သာ ရှိခဲ့ပေမယ့် သုံးနှစ်ခွဲကာလအတွင်း တစ်ပိဿာကို ကျပ် ၂၀၀၀၀ ကျော်အထိ ၁၀ ဆနီးပါး ဈေးနှုန်းမြင့်တက်လာပါတယ်။
မီးဖိုချောင်သုံးကုန်ပစ္စည်းတွေထဲမှာ ပါဝင်တဲ့ ကြက်ဥ၊ဘဲဥဈေးကလည်း တစ်လုံးကို ကျပ် ၁၀၀ ကနေ ကျပ် ၆၀၀ ကျော်အထိ ဈေးနှုန်းကြီးမြင့်လာသလို ကော်ဖီမစ်တစ်ထုတ်ကလည်း ကျပ် ၁၀၀ ကနေ ကျပ် ၆၀၀ အထိ ခြောက်ဆနီးပါး ဈေးနှုန်းမြင့်တက်လာတာပါ။
ဒါ့အပြင် အရင်က တစ်ပိဿာ ကျပ် ၆၀၀၀ လောက်သာ ရှိခဲ့တဲ့ ကြက်သွန်ဖြူဈေးကလည်း တစ်ပိဿာ ကျပ် ၃၀၀၀၀ နီးပါးအထိ ဖြစ်လာပြီး ကြက်သား၊ ဝက်သားကလည်း တစ်ပိဿာကို ကျပ် ၂၅၀၀၀ အထိ ပေါက်ဈေးရှိလာခဲ့တာပါ။
အိမ်ရှင်မတစ်ဦးကတော့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတဲ့အတွက် ချွေတာရေးလမ်း စဉ်နဲ့ ဝမ်းရေး ဖြေရှင်းနေတယ်လို့ ညဉ်းတွားလာပါတယ်။
“တောက်လျှောက်တက်တယ်။ ဆီဈေးတွေရော အကုန်လုံးတစ်ခါဝယ်ရင် တစ်ခါတက်တာ။ ဟင်း သီးဟင်းရွက်တွေကအစ တက်တယ်။ ကန်စွန်းရွက်တစ်စည်းကို ၅၀၀ ဖြစ်နေပြီ။ အခါတိုင်းဆိုရင် ပိုက်ဆံ ၅၀၀၀ လောက်ဆိုရင် သုံးလို့ရတယ်။ အခုနောက်ပိုင်းကျတော့ ၁၅၀၀၀လောက်မှ သုံးလို့ရတယ်။ ဒါတောင်မှ ဆန်၊ ဆီ၊ ဆားကရှိပြီးသားနော်။ ချွေတာရတာပေါ့၊ အခါတိုင်းလိုမျိုးတော့ မသုံးတော့ဘူးပေါ့။ ဆီလေးတွေဘာတွေ အကုန်လုံးလျော့ပေါ့။ လျော့ပြီးတော့ချက်ပေါ့။ မထူးဘူးဆိုပြီး အသားလေးနည်းနည်း ဝယ်ပြီးတော့ တစ်တုံးလောက်မျှပြီးတော့ စားပေါ့၊ အဲဒီလိုမျိုးတော့ လုပ်ရတာပေါ့”လို့ ဆိုပါတယ်။
ကုန်ဈေးနှုန်းတွေဟာ မြန်မာငွေတန်ဖိုးကျဆင်းလာတာ၊ သွင်းအားစုဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာ၊ လမ်းပန်ဆက်သွယ်ရေး ခက်ခဲလာတာ၊ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပ က္ခတွေကြောင့် စံချိန်တင်ဈေးနှုန်းတွေအထိ မြင့်တက်လာခဲ့တာပါ။
အခုလို ကုန်ဈေးနှုန်းတွေ စံချိန်တင် အဆမတန် တောက်လျှောက် မြင့်တက်လာတဲ့အတွက် ပြည်သူတွေဟာ ဝင်ငွေနဲ့ထွက်ငွေ မျှတမှုမရှိတာကြောင့် စားဝတ်နေရေးအတွက် ပိုပိုပြီးအကျပ်ဆိုက်လာပါတယ်။
“ကုန်ဈေးနှုန်းကတော့ တအားတက်လာတယ်။ တက်တာမှ မတရားကို တက်သွားတာ။ ကုန်ဈေး နှုန်း တက်တယ်ဆိုတာက ဓာတ်ဆီလည်း ဈေးတက်တယ်။ အကုန်လုံးတက်တယ်။ အခုလက်ဖက် ရည်ဆိုင်တွေမှာ လက်ဖက်ရည်တစ်ခွက်ကို ကျပ် ၁၅၀၀ ဖြစ်နေပြီ။ လက်ဖက်ရည်ကအစပေါ့။ အ ကုန်အကုန်တက်တယ်”လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကုန်ဈေးနှုန်းတောက်လျှောက် မြင့်တက်လာတဲ့အတွက် အခြေခံပြည်သူတွေဟာ ထမင်းနပ်မှန်ဖို့ပင် မနည်းရုန်းကန်ရှာဖွေ စားသောက်နေရပြီး ဆင်းရဲနွမ်းပါးသူတွေမှာတော့ မနက်စာနဲ့ည စာပေါင်းစားရတဲ့ အခြေအနေနဲ့ ကြုံလာရပါတယ်။
တဖက်မှာတော့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာပေမယ့် အခြေခံလစာတိုးမြှင့်လာခြင်း မရှိတဲ့အတွက် စားသောက်ကုန်ပစ္စည်းတွေကအစ လက်လှမ်းမီဖို့ ခက်ခဲလာတာပါ။
စစ်ကောင်စီက ကုန်ဈေးနှုန်း ကျဆင်းစေဖို့အတွက်ဆိုပြီး ရွှေလုပ်ငန်းရှင်တွေ၊ နိုင်ငံခြား ငွေလဲလှယ်တဲ့ လုပ်ငန်းရှင်တွေအပြင် ဆန်ကုန်သည်နဲ့ ဈေးဝယ်စင်တာက တာဝန်ရှိသူတွေကအစ လိုက်လံဖမ်းဆီးနေပေမယ့် ကုန်ဈေးနှုန်းထပ်မံမြင့်တက်နေဆဲပါ။
ကမ္ဘာ့ဘဏ်ကတော့ အာဏာသိမ်းကာလအတွင်း မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ရပ်တန့်လာပြီး ဆင်းရဲမွဲတေမှု ပိုပိုဆိုးရွားလာကာ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ အလုပ်လက်မဲ့နှုန်း ဆက်လက်မြင့်တက်နေဖွယ်ရှိတဲ့အတွက် ဆင်းရဲမှုအခြေအနေဟာ မြန်မာနိုင်ငံအနှံ့အပြား ဆိုးရွားနေမယ်လို့ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ်အစမှာ နိုင်ငံ့လူဦးရေရဲ့ ၃၂ ရာခိုင်နှုန်းက ဆင်းရဲနွမ်းပါးတဲ့ အခြေအနေကို ရောက်ရှိလာတဲ့အတွက် လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က မြင်တွေ့ခဲ့ရတဲ့ အခြေအနေကို ပြန်လည်ကျရောက်သွားခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ