နောင်ချို၊ ဩဂုတ် ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်အင်အား ဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
နောင်ချိုမြို့ တောင်ခမ်းရွာရှိ စစ်ကောင်စီရဲ့ ၉၀၂ တပ်စခန်း၊ သရက်ချိုရှိ စစ်ကောင်စီတပ်စခန်းနဲ့ ကမ္ဘောဇဘုန်းတော်ကြီးတို့ကို အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ဟာ သြဂုတ် ၂၁ ရက်နေ့ မနက် ၉ နာရီ အချိန်ခန့်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
တောင်ခမ်းရွာ စစ်ကောင်စီရဲ့ ၉၀၂ တပ်စခန်း တိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်မှ ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။
မနေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်တွေရဲ့ နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ထုတ်ပြန်ဖော်ပြထားခြင်းမရှိပါဘူး။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ ကျောက်ဂူမှတဆင့် နောင်ချိုမြို့အတွင်းကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းဖို့ ကြိုးစားနေပြီး ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။
ဒါအပြင် ဩဂုတ် ၂၀ ရက်နေ့ကလည်း နောင်ချိုမြို့နယ် သရက်ချိုနဲ့ တောင်ခမ်းရွာတွေမှာလည်း ထိတွေ့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ တအာင်းတပ်မတော် TNLA ပူးပေါင်းတပ်တွေက ရှမ်းမြောက်က ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်တွေကို တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA