ဘန်ကောက်၊ သြဂုတ် ၂၂

ထိုင်းမှာ အန္တရာယ်ပိုများတဲ့ မျောက်ကျောက်ရောဂါ မျိုးစိတ်သစ် ကူးစက်ခံထားရတယ်လို့ သံသယရှိသူ တစ်ဦးကို သြဂုတ် ၂၁ ရက်မှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဲဒီ ဗိုင်းရပ်စ် မျိုးစိတ်သစ်ပျံ့နှံ့မှုကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း WHO က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပြီး ဖြစ်ပါတယ်။

အခု စစ်ဆေးတွေ့ရှိထားတဲ့ လူနာဟာ မျောက်ကျောက်ရောဂါ ပျံ့နှံ့နေတဲ့ အာဖရိကနိုင်ငံ တစ်နိုင်ငံကနေ ထိုင်းနိုင်ငံသို့ သြဂုတ် ၁၄ ရက်မှာ ရောက်ရှိလာခဲ့တဲ့ ဥရာပနိုင်ငံသား ဖြစ်တယ်လို့ ထိုင်းရောဂါ ထိန်းချုပ်ရေးဌာန အကြီးအကဲ တွန်ချိုင်း ခီယာသီဟတ် တေရာခွန်က ပြောကြားပါတယ်။

ဒါပေမဲ့ အဲဒီ လူနာဟာ ဘယ် အာဖရိကနိုင်ငံက ရောက်လာတာလဲ ဆိုတာ သူက ပြောပြမသွားပါဘူး။

ဗိုင်းရပ်စ်မျိုးစိတ်ကို အတည်ပြုနိုင်ရေး ဓာတ်ခွဲ စမ်းသပ်၊ စစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့် အရာရှိတွေက ဒါဟာ Clade 1 ဗိုင်းရပ်စ် ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။

ရောဂါ ကူးစက်ခံထားရသူကို ဆေးရုံမှာ ရောဂါထိန်းချုပ်ဖို့ ခြေချုပ်နေခိုင်းထားပါတယ်။

“ကျွန်တော်တို့ စစ်ဆေးမှု တစ်ခု လုပ်ပြီးပါပြီ။ မျောက်ကျောက် ရောဂါဆိုတာ သေချာပြီး Clade 2 ဗိုင်းရပ်စ် အမျိုးအစား မဟုတ်တာလည်း သေချာပါတယ်” လို့ အကြီးအကဲ တွန်ချိုင်းက ပြောပါတယ်။

လူနာဟာ Clade 1 အမျိုးအစား ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ယုံကြည်ထားပေမယ့် ဓာတ်ခွဲခန်းက နောက်ဆုံးရလဒ်ကို သိရဖို့ နောက်ထပ် နှစ်ရက် စောင့်ရဦးမယ်လို့ သူက ဖြည့်စွက် ပြောကြား ပါတယ်။

အရင်က မျောက်ကျောက်ရောဂါလို့ ခေါ်ပြီး အခု Mpox လို့ တရားဝင် နာမည်ပေးထားတဲ့ အဲဒီ ရောဂါ ဖြစ်ပွားမှုနဲ့ သေဆုံးမှုဟာ အာဖရိကမှာ ပိုများလာနေပါတယ်။

ရောဂါရှိတဲ့ တိရိစ္ဆာန်ကတဆင့် ဗိုင်းရပ်စ် ကူးစက်ပြီး ရောဂါ ဖြစ်ပွားတာ ဖြစ်ပေမယ့် လူအချင်းချင်း အနီးကပ် ထိတွေ့ ဆက်ဆံမှုကြောင့်လည်း ရောဂါ ကူးစက်နိုင်ပါတယ်။

ရောဂါ လက္ခဏာတွေမှာ အဖျားတက်တာ၊ ကြွက်သားတွေ နာကျင် ကိုက်ခဲတာနဲ့ အရေပြားမှာ မီးလောင်ဖုလို အဖုတွေ ပေါက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

မျောက်ကျောက်ရောဂါပိုး ရှိနေတာဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပေမယ့် ပိုပြီး ပြင်းထန်သလို ပိုပြီး ကူးစက်မှု မြန်ဆန်တဲ့ Clade 1b လို့ ခေါ်တဲ့ မျိုးစိတ်အသစ်ကြောင့် လတ်တလော ရောဂါပျံ့နှံ့မှု ပိုဆိုး လာနေပါတယ်။

Clade 1b ကြောင့် အသက်ဆုံးရှုံးနိုင်မှု ၃ ဒသမ ၆ ရာခိုင်နှုန်း ရှိပြီး အထူးသဖြင့် ကလေးတွေမှာ အန္တရာယ်ပိုများကြောင်း WHO က သတိပေးထားပါတယ်။

မျောက်ကျောက်ရောဂါပိုးကို ၁၉၅၈ ခုနှစ်က ဒိန်းမတ်နိုင်ငံမှာ သုတေသန ပြုလုပ်ဖို့ လှောင်ထားတဲ့ မျောက်တွေမှာ ပထမဆုံး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကွန်ဂိုနိုင်ငံမှာ ရောဂါကူးစက်ခံထားရသူ ၁၆၀၀၀ ရှိပြီး အခုနှစ် အတွင်း လူ ၅၀၀ သေဆုံးခဲ့ရပါတယ်။

အာဖရိကပြင်ပမှာ ပထမဆုံးလူနာတွေတဲ့ နိုင်ငံအဖြစ် ဆွီဒင်နိုင်ငံမှာ Clade 1 ဗိုင်းရပ်စ် ကူစက်ခံထားရသူ တစ်ဦးကို သြဂုတ် ၁၅ ရက်မှာ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

အဲဒီ ရောဂါဟာ လူတိုင်းကို ကူးစက်နိုင်ပေမယ့် လိင်တူဆက်ဆံတဲ့ အမျိုးသားတွေကြားမှာ ကူးစက်မှု ပိုများကြောင်း လေ့လာတွေ့ရှိထားပါတယ်။

ကာကွယ်ဖို့ နည်းလမ်းကတော့ ကိုဗစ် ကာကွယ်ရေး နည်းလမ်းတွေ အတိုင်း လိုက်နာနိုင်တယ်လို့ သိရပါတယ်။

Source: Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.