တနင်္သာရီ၊ ဩဂုတ် ၂၃
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီလေ တပ်က လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
ဩဂုတ်လ ပထမအပတ်ကစပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလေတပ်က သကျက်၊ ဆင်းခေါင်၊ ကျောက်မိကျောင်း၊ ဂဏန်းကွင်း၊ ကွင်းသစ်၊ ညောင်ပင်းကွင်းနဲ့ ထုံမခါစတဲ့ ကျေးရွာတွေကို Mi-2 နဲ့ K8W အပါအဝင် ဂျက်တိုက်လေယာဉ်တွေနဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲချခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဩဂုတ် ၂၀ ရက်နေ့ နေ့လည်ပိုင်းကလည်း တနင်္သာရီမြို့နယ် ထုံမခါကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက K8W ဂျက်ဖိုက်တာတိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အချို့ကျေးရွာတွေက ဒေသခံတွေဟာ ကျေးရွာအတွင်း မနေရဲတော့တာကြောင့် နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေမှာ တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသားတစ်ဦးက စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်နေတဲ့အပြင် ဘယ်အချိန်လေယာဉ်လာမလဲဆိုပြီး စိုးရိမ်ပူပန်နေရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဟာ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို သွေးခွဲလိုတာကြောင့် လုပ်ဆောင်တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေရဲ့ ပစ်မှတ်ကို အတည်တကျမသိဘဲ မြေပြင်သတင်းပေးမှုတွေကြောင့် အခုလိုဗုံးကြဲနေတာဖြစ်နေတယ်လို့ နဂါးနီတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနဂါးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တစ်ဖက်မှာလည်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ သေဆုံးတာတွေ မရှိပေမယ့် ဒေသ ခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဘုန်ကြီးကျောင်းနဲ့နေအိမ်အချို့ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်
တနင်္သာရီမြို့နယ်က ကျေးရွာတွေဟာ ပြီးခဲ့တဲ့လက ရေကြီးရေလျှံမှုတွေကြောင့် တစ်မြို့နယ်လုံးနီးပါး ရေဘေးဒုက္ခကို ကြုံတွေ့ခဲ့ရသလို လက်ရှိမှာလည်း စစ်ကောင်စီရဲ့ မကြာခဏလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေဟာ ကိုယ်နည်းကိုယ့်ဟန်နဲ့ တောတောင်တွေထဲမှာ တိမ်း ရှောင်နေရလို့ နွေဦးမေတ္တာစစ်ဘေးရှောင် ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တနင်္သာရီတိုင်းမှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေနဲ့ ရက်ရှည်တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၆၃,၆၀၀ ကျော်အထိ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း