ဘားအံ၊ သြဂုတ် ၂၂

ကရင်ပြည်နယ် ဘားအံမြို့နယ် KNLA တပ်ရင်း ၁ နယ်မြေအတွင်းရှိ ကျေးရွာတွေက ပြည်သူ့စစ်အဖွဲ့တွေဟာ စစ်ကောင်စီထံ လက်နက်ပြန်လည်အပ်နှံလိုက်ပြီး တပ်ဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်လိုက်ပြီလို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

KNU သထုံခရိုင် တပ်မဟာ ၁ ကရင်ပြည်နယ် ဘားအံမြို့နယ် တပ်ရင်း ၁ နယ်မြေအတွင်းရှိ ဝင်းဒရယ်၊ ကျုံခန၊ တံတားဦး၊ နို့အောလာ၊ ကျောက်တလုံး၊ ဖော်ကလော် စတဲ့ ကျေးရွာတွေမှာရှိကြတဲ့ စစ်ကောင်စီတပ် လက်အောက်ခံ ပသစလို့ခေါ်ဆိုတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအားလုံးလိုလိုဟာ ဩဂုတ်လဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်ထံ လက်နက်အပ်နှံလိုက်တာပါ။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအပေါ်မှာ စစ်ကောင်စီတပ်က လုံလောက်ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ မရှိတော့ဘဲ လုံခြုံရေးအတွက် ကိုင်ဆောင်နေရတဲ့ လက်နက်တွေဟာလည်း ဟောင်းနွမ်းဆွေးမြည့်ပြီး စုတ်ပြတ်သပ်နေပြီ ဖြစ်နေတဲ့အပြင် တပ်ဖွဲ့ထဲမှာလည်း ပြည်သူ့စစ်ပြုလုပ်ဖို့ ပျော်ရွှင်မှုမရှိတော့တာတွေလည်း ပါဝင်နေတဲ့အတွက်ကြောင့် လက်နက်အပ်နှံပြီး နုတ်ထွက်လိုက်တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်တပ်ဖွဲ့အနေနဲ့ တပ်ဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ပြီး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ KNU တပ်မ ဟာ ၁ က ဖိအားပေးလုပ်ဆောင်နေတဲ့အတွက်ကြောင့် စစ်ကောင်စီထံ လက်နက်ပြန်အပ်ပြီး နှုတ်ထွက်လိုက်သလို နယ်မြေခံ KNU တာဝန်ရှိသူတွေဆီမှာ ခံဝန်လက်မှတ်သွားထိုးတာတွေ ပြုလုပ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အဲဒီထဲက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တချို့ဟာ သူတို့ရဲ့ နယ်မြေထဲမှာရှိတဲ့ နယ်ခြားစောင့်တပ် BGF အဖွဲ့နဲ့ DKBA အဖွဲ့တွေမှာ ပြန်လည်ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိနေတယ်လို့ ကြားသိရကြောင်း နယ် မြေသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ပြည်သူ့စစ်တပ်ဖွဲ့တွေ အခုလို လက်နက်ပြန်အပ်ပြီး နှုတ်ထွက်လိုက်ရတာဟာ စစ်ကောင်စီတပ်ဘက်က လက်နက်ရိက္ခာစတဲ့ လုံလောက်တဲ့ထောက်ပံ့ကူညီမှုတွေ မရှိတာဖြစ်သလို နယ်မြေဒေသအတွင်းမှာ နေထိုင်လို့မရဲဘဲ ပြည်သူ့စစ်အဖွဲ့သာ ဆက်လုပ်ပါက ဓားစာခံဖြစ်သွားမှာဖြစ်တယ်လို့ နယ်ခြားစောင့်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။

KNU သထုံခရိုင် တပ်မဟာ ၁ ဖားအံမြို့နယ်ကတော့ ဖားအံမြို့နယ် တပ်ရင်း ၁ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ပြည်သူ့စစ်(ပသစ)နဲ့ နယ်ခြားစောင့်တပ် BGFတို့အနေနဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းဘဲ လုပ် ငန်းတာဝန်တွေကနေ ထွက်ပေးဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အသိပေးထုတ်ပြန်ထားတာတွေလည်းရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MRTV

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.