မော်လမြိုင်၊ ဩဂုတ် ၂၂
နိုင်ငံအနှံ့ တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသူ၊ အ ကျဉ်းသားတွေအပေါ် ဥပဒေမဲ့ ရိုက်နှက်ညှင်းပန်းနှိပ်စက်မှု ဆိုးဆိုးဝါးဝါး ကျူးလွန်လာတယ်လို့ အကျဉ်းသားများအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
စစ်အာဏာသိမ်းမှုအတွင်း မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေရဲ့ အကျဉ်းသားအခွင့်အရေး ချိုးဖောက်တာအပြင် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အကျဉ်းထောင်တွေထံ ခပ်စိပ်စိပ် ပြောင်းရွှေ့ခံနေရပါတယ်။
ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်လတွေမှာ အကျဉ်းထောင်သုံးခုထက်မနည်းက နိုင်ငံရေးအကျဉ်းသား အများစုပါဝင်တဲ့ အကျဉ်းသား အကျဉ်းသူ ၅၀၀ ကျော်ကို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဒိုက်ဦးထောင်၊ အိုးဘိုထောင်၊ မကွေးထောင်၊ အင်းစိန်ထောင်နဲ့ သာယာဝတီထောင်စတဲ့ အကျဉ်းထောင်တွေကို ပြောင်း ရွှေ့ခဲ့တာပါ။
နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တာဟာ ထောင်တွင်းမှာ ဖြစ်ပွားလေ့ရှိတဲ့ ထောင်တွင်းဆန္ဒပြပွဲတွေနဲ့ အကျဉ်းသားအခွင့်အရေး တောင်းဆိုမှုရာမှာ ပါဝင်ကြတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေကို အဓိကပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးက စစ်ကောင်စီလက်ထက်မှာ အကျဉ်းထောင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်ဖို့ တည် ဆောက်ထားတဲ့ နေရာဖြစ်လာပြီး အချိန်မရွေး ထောင်ပြင်ထုတ် သတ်ဖြတ်ခံရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေဟာ အဆိုးဝါးဆုံးသော ဖိနှိပ်မှုဒဏ်တွေ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်။ အကျဉ်းထောင်ထဲမှာ အသက်ရှင်ပိုင်ခွင့်ဆိုတဲ့ အ ခြေခံအကျဆုံး အခွင့်အရေးတွေ ဆုံးရှုံးနေတယ်ပေါ့နော်။ ဘာလို့ဒီလိုပြောလဲဆိုတော့ အကျဉ်း ထောင်ထဲမှာ ကိစ္စတစ်ခုခုကြောင့် အချိန်မရွေး ခေါ်ထုတ်သတ်ဖြတ်ခံရနိုင်တဲ့ အန္တရာယ်တွေရှိတယ် ။ တကယ်တော့ ထောင်ရဲ့ရည်ရွယ်ချက်က ကျွန်တော်တို့ လူတွေကိုပြုပြင်ပြောင်းလဲဖို့ တည် ဆောက်ထားတဲ့ နေရာဖြစ်တယ်။ တကယ်လက်တွေ့မှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ဖို့ တည်ဆောက်ထားတဲ့ နေရာဖြစ်နေတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေကိုလည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ အမျိုးသ မီးလိင်အင်္ဂါတွေကို နှိုက်ချွတ်စစ်ဆေးတာတွေအပြင် အမျိုးသမီးတွေကို အမျိုးသားဝန်ထမ်းတွေက ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေဟာ အကျဉ်းထောင်ဥပဒေကို ထောင်ဝန်ထမ်းတွေ ကိုယ်တိုင်ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတယ်လို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေက စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေမှာ ညှင်းပန်းနှိပ်စက် ဖိနှိပ်မှုတွေရှိခဲ့ပေမယ့် ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ထောင်ပြင်ခေါ်ထုတ် သတ်ဖြတ်တာနဲ့ ထောင်တွင်းဆန္ဒပြပွဲတွေမှာ ပစ်ခတ်ဖြိုခွင်းတဲ့အထိ ဖိနှိပ်မှုတွေ ဆိုးဝါးလာတာပါ။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မဇူးဇူးမေယွန်းက စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေမှာ အမျိုးသမီးအကျဉ်းသူတွေဟာ အမျိုးသားအကျဉ်းသားတွေထက် အခွင့်အရေး ချိုးဖောက်မှုတွေ ပိုပြီးခံနေရသလို ခန္ဓာကိုယ်အရိုးအဆစ်တွေ ကျိုးကြေတဲ့အထိ ညှင်းပန်းရိုက်နှက်တာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုမှာဆိုရင် နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေထဲမှာပေါ့နော်။ အကျဉ်းသူတွေဟာ အကျဉ်းသားတွေထက် အခွင့်အရေးဆုံးရှုံးတယ်ဆိုတဲ့ အနေအထားတွေပေါ့နော်။ အဆိုးဆုံးက ထောင်အာဏာပိုင်က အားနွဲ့တဲ့အမျိုးသမီးတွေပေါ်မှာ ဒီလိင်ပိုင်းဆိုင်ရာစော်ကားမှုအပြင် ဆေးလိပ် မီးနဲ့တို့တာမျိုးတွေ ပြီးတဲ့ခါကျရင် ဒီစစ်ဆေးတဲ့ခါကျရင် ရိုက်နှက်မှုမှာ မျက်လုံးအိမ်မှာ သွေးချေဥတဲ့အထိပေါ့နော်။ ပြီးရင် ဒဏ်ရာဒဏ်ချက်ပေါ့။ ဘယ်လိုပြောမလဲဆိုတော့ ခန္ဓာကိုယ်မှာရှိတဲ့ အရိုးအဆစ်တွေ ကျိုးကြေတဲ့အထိကို ဒါညှင်းပန်းရိုက်နှက်မှုတွေခံခဲ့ရတဲ့ အမျိုးသမီးတွေလည်း ရှိနေတယ်ပေါ့နော်”လို့ ဆိုပါတယ်။
အာဏာမသိမ်းခင်က အကျဉ်းထောင်တွေမှာ အခွင့်အရေးချိုးဖောက်တာတွေ ဆိုးဆိုးဝါးဝါး မရှိခဲ့ပေမယ့် အာဏာသိမ်းသုံးနှစ်ကျော်အတွင်း ထောင်တွင်းဆန္ဒပြပွဲတွေမှာ ပစ်ခတ်ဖြိုခွင်းတာနဲ့ ထောင်ပြင်ခေါ်ထုတ် သတ်ဖြတ်ခံရတာကြောင့် နိုင်ငံရေးအကျဉ်းသား ၂၃ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ထောင်ဆေးရုံတွေဟာ ဆေးဝါးလုံလောက်မှု မရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားအ ကျဉ်းသူတွေကို မသေခင်မှာ ယာယီထားတဲ့ပုံစံဖြစ်ပြီး ထောင်တွင်းဆေးဝါးစောင့်ရှောက်မှု လုံ လောက်စွာမရရှိတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ရှိတယ်လို့ အကျဉ်း သားများအရေး ကူညီနေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တစ်ဖက်မှာတော့ စစ်တပ်လော်ဘီတွေက ထောင်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နည်းလမ်းမျိုးစုံသုံးပြီး ညှင်းပန်းနှိပ်စက်ဖို့နဲ့ စစ်တပ်ထောက်ခံသူတွေ သတ်ဖြတ်ခံရပါက ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေအား လက်စားချေသတ်ဖြတ်ဖို့ လှုံ့ဆော်တာတွေ ရှိနေပါတယ်။
အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ လက်ပါးစေတွေရဲ့ လက်ချက်ကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူတွေအပါအဝင် ပြည်သူစုစုပေါင်း ၇၈၀၀ ကျော် သေဆုံးပြီး အရပ်သားပြည်သူ နှစ်သောင်းခွဲကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ သိရပါ တယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-AAPP