ကျိုက်ထို၊ ဩဂုတ် ၂၂

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာ ဘဲလေးစားသောက်ဆိုင်အနီးက နေအိမ်တစ်လုံးမှာ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တပ်ဖွဲ့ဝင် လေးဦး စီးနင်းတိုက်ခိုက်ခံရတာကြောင့် ကျဆုံးသွားလို့ အဲဒီအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သြဂုတ် ၂၁ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တပ်ဖွဲ့ဝင်တွေ ယာယီရောက်ရှိနေတဲ့နေအိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် KRF တပ်ဖွဲ့ဝင်လေးဦး ကျဆုံးပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းခံလိုက်ရပါတယ်။

စီးနင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ဟာ သတင်းပေါက်ကြားမှုကြောင့် ဖြစ်နိုင်တယ်လို့ ကျိုက်ထိုတော် လှန်ရေးအင်အားစု KRF ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

စစ်တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဲဒီစီးနင်းမှုအတွင်း KRF တပ်ဖွဲ့ဝင်လေးဦးသေဆုံးပြီး ပစ္စတိုသေနတ်သုံးလက် သိမ်းဆည်းနိုင်ခဲ့ကာ လွတ်မြောက်သွားသူ ခုနှစ်ဦးရှိတယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

ဒီဖြစ်စဉ်ဟာ PDF ထံ သတင်းပေးဆောင်ရွက်နေတဲ့ စွပ်စွဲချက်နဲ့ ကျိုက်ထိုမြို့နယ်ရဲမှူး ဇော်ဇော် ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်နေထိုင်တက်တဲ့ နေအိမ်ကို ပထမဆုံးအကြိမ် စီးနင်းမှုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီးမှာ စစ်ကောင်စီရိက္ခာယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး ကားတစ်စီးမီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.