ကျိုက်ထို၊ ဩဂုတ် ၂၂
မွန်ပြည်နယ် ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက်နေ အမျိုးသမီးရှေ့နေတစ်ဦးကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့က အမျိုးသမီးရှေ့နေ ဒေါ်စံပယ်ကို စစ်ကောင်စီတပ်က နေအိမ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
ရှေ့နေဒေါ်စံပယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ်သက်ဆက်နွှယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာရောက်ဖမ်းဆီးသွားခဲ့တာပါ။
ကျိုက်ထိုဒေသခံတစ်ဦးက ရှေ့နေဒေါ်စံပယ်ဟာ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲခံရတဲ့သူတွေကို အမှုလိုက်ပေးခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ ရှေ့နေဒေါ်စံပယ်ကို ကျိုက်ထိုအခြေစိုက် စစ်ကောင်စီရဲ့ တပ်မ ၄၄ ဌာနချုပ် စစ် ကြောရေးမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပြီး မိသားစုနဲ့လည်း တွေ့ခွင့်မရဘူးလို့ သိရပါတယ်။
ဖမ်းဆီးခံ ရှေ့နေ ဒေါ်စံပယ်ကို ပြီးခဲ့တဲ့ဇူလိုင်လအတွင်း စစ်ကောင်စီဘက်က ရှေ့နေလိုင်စင်ရုတ် သိမ်းခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်နဲ့ ရဲအုပ်ပြည်သူရစိုးတို့ကိုလည်း PDF နဲ့ ပတ်သက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။
သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ ကျိုက်ထို မြို့နယ်မှာ အခုလအတွင်း PDF နဲ့ ပတ်သက်ဆက်နွှယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ