ပဲခူး၊ ဩဂုတ် ၁၉
ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်ထံ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်ညှင်းပန်းနှပ်စက်မှုကို ခံနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံကနေ သိရပါတယ်။
အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအများစု ပါဝင်တဲ့ အကျဉ်းသား ၃၀၀ ဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သာယာဝတီ အကျဉ်းထောင်ထံ ပြောင်းရွှေ့ခဲ့တာပါ။
ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ သာယာဝတီထောင်ကို ရောက်ရှိတာနဲ့ ထောင်အာဏာပိုင်တွေက အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ အကြောက်တရားသွင်းတဲ့အနေနဲ့ ထောင်အဝင်နဲ့ ထောင်ဗူးဝတွေမှာ ရိုက်နှက်မှုတွေ စတင်ပြုလုပ်ခဲ့တာပါ။
အဲဒီလို ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ဟာ ဦးခေါင်းနဲ့ အခြားနေရာတွေမှာ ထိခိုက်ဒဏ်တွေ ရရှိခဲ့သလို ထောင်ပြောင်းနဲ့ ရောက်ရှိလာတဲ့ အကျဉ်းသားတွေကို ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ခြေကျင်းဒေါက်တွေနဲ့ တစ်လကျော်ကြာမြင့်တဲ့အထိ ခြေချင်းခတ်ထားတယ်လို့ PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
တစ်ဖက်မှာလည်း ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှ ထောင်တွင်းသပိတ်တွေနဲ့ လူ့အခွင့်ချိုးဖောက်မှုတွေကို ဆန့်ကျင်ပြီး အကျဉ်းသားအခွင့်အရေး တောင်းဆိုကြတဲ့အတွက် ထောင်အာဏာပိုင်တွေက Black List သွင်းထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို ရိုက်နှက်ကာ တိုက်ထဲမှာ ခြေကျင်းဒေါက်ခတ်ထားပြီး ထားရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်သူတွေထဲမှာ သာယာဝတီထောင်မှ အသက် ၅၀ ဝန်းကျင်အရွယ် ထောင်ဝန်ထမ်း စိုးမင်း (တပ်ကြပ်) ဆိုသူက အဓိက ပါဝင်နေပြီး လက်ရှိမှာလည်း ပုံစံဟုဆိုကာ ထောင်အာဏာပိုင်တွေက ဖိနှိပ်မှုတွေကို ပေါ်ပေါ်တင်တင် ပြုလုပ်နေတယ်လို့ အသိပေးထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို ထိုက်တန်တဲ့ တာဝန်ယူမှု တာဝန်ခံမှု ပေါ်ပေါက်တဲ့အထိ လုပ်ဆောင်သွားမှာဖြစ်ပြီး ကျန်တဲ့ ချိုးဖောက်ခံနေရမှုတွေကို ဖော်ထုတ်သွားမယ်လို့ PPNM က ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒိုက်ဦးအကျဉ်းထောင်နဲ့ မြောင်းမြအကျဉ်းထောင်တွေမှာ ထောင်အာဏာပိုင်တွေနဲ့ လက်ပါးစေးတန်စီးတွေက အကျဉ်းသားတွေကို ပုံစံကြေးဟုဆိုကာ ငွေကြေးကောက်ခံနေသလို ရိုက်နှက်ညှင်းပန်း နှိပ်စက်မှုတွေကို ကျူးလွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အချက်အလက်တွေအရ အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူ ၂၇,၂၁၁ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PPNM