ဘန်ကောက်၊ သြဂုတ် ၁၉

ပသွန်ထန် ရှင်နာဝါထရာကို ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က ရွေးချယ်လိုက်ပြီးနောက် နှစ်ရက်အကြာမှာ ဘုရင့်နန်းတော်က လက်ခံ အတည်ပြုလိုက်တာကြောင့် သူ့အနေနဲ့ လာမယ့်ရက်တွေမှာ အစိုးရဝန်ကြီးများအဖွဲ့ ဖွဲ့စည်းရေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မဟာမိတ် ဝန်ကြီးချုပ်ဟောင်း ဆရီသာ သာဗီဆင်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးက ထုတ်ပယ်လိုက်ပြီးနောက် ရက်ပိုင်းအကြာ အသက် ၃၇ နှစ်အရွယ် ပသွန်ထန်ဟာ ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာရဲ့ သမီးဖြစ်သူ ပသွန်ထန်က လွှတ်တော် အမတ် သုံးပုံနှစ်ပုံရဲ့ ထောက်ခံမှုကို ရရှိပြီးနောက် သြဂုတ် ၁၆ ရက်မှာ လွှတ်တော်အမတ်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

သူဟာ ထိုင်းနိုင်ငံရဲ့ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်ပြီး သက်ဆင်မိသားစုထဲက တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာသူ ဖြစ်ပါတယ်။

အရာရှိ ယူနီဖောင်းဝတ်ဆင်ထားတဲ့ ပသွန်ထန်ဟာ ဒူးထောက်ပြီး ထိုင်းဘုရင် မဟာ ဗီဂျီရာလောင်ကွန်ရဲ့ ပုံကို အရိုအသေ ပေးနေတာ တွေ့ရပါတယ်။

လွှတ်တော် အမတ်တွေနဲ့အတူ တာဝန်တွေကို ပွင့်လင်းတဲ့ စိတ်ထားနဲ့ ထမ်းဆောင်သွားမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် ပသွန်ထန်က ပြောကြားပြီး နိုင်ငံ တည်တည်ငြိမ်ငြိမ် ရှေ့ဆက်နိုင်ရေး အားလုံးရဲ့ အသံကို နားထောင်ပေးသွားမယ်လို့လည်း ပြောပါတယ်။

အရင်က အစိုးရအဖွဲ့မှာ တစ်ခါမှ တာဝန် မထမ်းဆောင်ခဲ့ဖူးတဲ့ ပသွန်ထန်ဟာ သူ့ရဲ့ ဖူထိုင်းပါတီ လူကြိုက်များမှု လျော့နည်းလာတာ၊စီးပွားရေး ကောင်းလာအောင် လုပ်ဆောင်မှာတွေ အပါအဝင် စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

သူ့ရဲ့ ပထမဆုံး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်သစ် ပသွန်ထန်က အရင် ဆရီသာ အစိုးရရဲ့ မူဝါဒတွေကို ဆက်လက် အကောင်အထည် ဖော်သွားမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။

သူ့အနေနဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ ဖခင် သက်ဆင်ကို အစိုးရအဖွဲ့ ရာထူးတစ်ခုခုမှာ ခန့်အပ်ဖို့ အစီအစဉ် မရှိဘူးလို့ ပြောပေမယ့် အကြံဉာဏ်တွေ ရယူသွားမယ်လို့ ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.