ဒါကာ၊ သြဂုတ် ၁၉
ဘင်္ဂလားဒေ့ချ် အစိုးရအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဆက်လက် ကူညီသွားမှာ ဖြစ်ကြောင်း ယာယီ အစိုးရအဖွဲ့ အကြီးအကဲ နိုဘယ်ဆုရှင် မိုဟာမက် ယူနာ့စ်က သြဂုတ် ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။
ယာယီအစိုးရအဖွဲ့ အကြီးအကဲ ယူနာ့စ်က ဘင်္ဂလားဒေ့ချ်အတွက် အရေးအကြီးဆုံး မူဝါဒနှစ်ရပ်ကို နိုင်ငံတကာ သံတမန်တွေ ရှေ့မှောက်မှာ ချပြခဲ့ချိန် အခုလိုမျိုး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်ပေးကြပါလို့လည်း ယူနာ့စ်က တောင်းဆိုထားပါတယ်။
ဘင်္ဂလားဒေ့ချ်နိုင်ငံရှိ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ဆက်လက်ကူညီသွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်နိုင်ရေးလည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ချ်က ဒုက္ခသည်တွေကို ပြန်လည် ပို့ဆောင်နိုင်ရေး ကူညီပေးဖို့ မကြာသေးခင်က တရုတ်ဆီက အကူအညီ တောင်းထားပါတယ်။
ယူနာ့စ်က မိမိတို့နိုင်ငံအတွက် အရေးကြီးတဲ့ နောက်ထပ်ကိစ္စ တစ်ခု ဖြစ်တဲ့ အထည်ချုပ်လုပ်ငန်း နယ်ပယ်တိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ရိုဟင်ဂျာတွေ နောက်ထပ် ဘင်္ဂလားဒေ့ချ်သို့ ထွက်ပြေးလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဘင်္ဂလားဒေ့ချ်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေ အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်းဘင်္ဂလားဒေ့ချ် သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ချ်မှာ ဝန်ကြီးချုပ်ဟောင်း ဟာဆီနာ ဦးဆောင်တဲ့ အစိုးရ လက်ထက်ကတည်းက ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံဆီ ပြန်ပို့ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင် ဖြစ်ခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ နှိမ်နှင်းမှုကြောင့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံက ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ မြန်မာကို ကုလသမဂ္ဂ တရားရုံးမှာ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။
ယာယီအစိုးအရ အကြီးအကဲ ယူနာ့စ်က ဒုက္ခသည်တွေကို ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းစွာ ပြန်လည် ပို့ဆောင်သွားမယ်လို့ ပြောကြားခဲ့ပေမယ့် အသေးစိတ်ကိုတော့ ပြောဆိုထားတာ မတွေ့ရပါဘူး။
Ref:India Today