မော်လမြိုင် ၊ သြဂုတ် ၁၉
စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ကို အခွင့်အကောင်းယူပြီး မွန်အမျိုးသားလွတ်မြောက်ရေးအတွက် စုပေါင်းတော်လှန်ကြဖို့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ သြဂုတ် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့မှာ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA-AD တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်တာပါ။
မဟာလူမျိုးကြီးဝါဒနဲ့စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို တိုက်ဖျက်နိုင်မှသာ မွန်တို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေကို ရရှိနိုင်မှာ ဖြစ်ပြီး အာဏာရှင်စစ်တပ်ဟာ မွန်တစ်မျိုးသားလုံးရဲ့ ဘုံရန်သူဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မွန်တစ်မျိုးသားလုံးရဲ့ ဘုံရန်သူအား တစ်မျိုးသားလုံးအင်အားစုအသွင်နဲ့ စုစည်းတော်လှန်ဖို့ လိုအပ်သလို ဘုံရန်သူစစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတဲ့ မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး စုစည်းတိုက်ပွဲဝင်ဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊စစ်ရေးအခြေအနေအရပ်ရပ်တွေဟာ အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲတွေအတွက် အကောင်းမွန်ဆုံးအချိန်အခါ ဖြစ်ပြီး တိုင်းစစ်ဌာနချုပ်တွေအထိ ဆုံးရှုံးနေရတဲ့ စစ်ကောင်စီတပ်ဟာ လွန်စွာယိမ်းယိုင်နေပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေအခွင့်ကောင်းကို အမိအရဆုပ်ကိုင်ပြီး မွန်တို့ရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးအတွက် တခြားမွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် ပြည်တွင်း၊ပြည်ပရောက် မွန်တစ်မျိုးသားလုံး လှည်းနေလှေအောင်းမြင်းဇောင်းမကျန် တက်ညီလက်ညီ တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုက်တာပါ။
မွန်တော်လှန်ရေးနေ့ဟာ ၁၃၁၀ ခု ဝါခေါင်လပြည်နေ့မှာ နိုင်ပန်းသာ၊နိုင်မောင်သိန်းနဲ့ မွန်မျိုးချစ်လူငယ် ၂၇ ဦးမှ မွန်အမျိုးသားတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်၊ မွန်ကြမ္မာမွန်တို့ဖန်တီးခွင့်ရရှိရေးအတွက် လက်နက်ကိုင်တော်လှန်မှုကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MRSF / NMSP AD