မောင်တော၊ ဩဂုတ် ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းခံနေရတဲ့ ဒေသခံပြည်သူ နှစ်သောင်းနီးပါးကို ကယ်ထုတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဩဂုတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့အတွက် မောင်တောမြို့ခံ ပြည်သူတွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကတည်းက ရက္ခိုင့်တပ်တော် AA က အသိပေးခဲ့ပေမယ့် ထုတ်ပြန်ချက်ကို လိုက်နာပြီး မြို့ထဲမှ ထွက်ခွာကြသူတွေ ရှိသလို ဆက်လက်နေထိုင်သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မောင်တောတစ်မြို့လုံးကို ခုခံစစ် အဆင့်ဆင့် ပြင်ဆင်ထားတဲ့ စစ်ကောင်စီဟာ မြို့ပေါ်ရပ်ကွက်တွေအတွင်းရှိ စစ်ရေးအရ အရေးပါပြီး အချက်အချာကျတဲ့ အထပ်မြင့် အဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲထားပြီး တံတားအားလုံးကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ AA က ဆိုပါတယ်။

AA အနေနဲ့ မောင်တောမြို့ကို ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားရာမှာ ကာလအတန်ကြာပြီး ဖြစ်ပေမယ့် မြို့ရဲ့ မြောက်ဘက်ရှိ ဟော်ရီတူလာနဲ့တောင်ဘက်ရှိ မောင်နီရွာ တပ်စခန်းတွေကို ဩဂုတ် ၄ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြို့သိမ်းတိုက်ပွဲအတွက် ထိုးစစ်ဆင်တိုက်ခိုက်မှုကို AA က အရှိန်အဟုန်မြင့် ပြုလုပ်ခဲ့တာကြောင့် ဩဂုတ် ၄ ရက်နေ့နောက်ပိုင်း တိုက်ပွဲ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီရဲ့ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းခံနေရတဲ့ မောင်တောဒေသခံ ပြည်သူ ၂၀၀၀၀ နီးပါးကို တိုက်ပွဲကြားမှာ ကယ်ထုတ်ခဲ့တယ်လို့ AA က ဆိုပါတယ်။

ရက္ခိုင့်တပ်တော် ကယ်ထုတ်ခဲ့တဲ့ လူတွေထဲမှာ နိုင်ငံတကာ အဖွဲ့အစည်းအချို့ရဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေပါဝင်သလို မြို့တွင်း ပိတ်မိနေသူတွေကိုလည်း ဆက်လက်ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ အသိပေးထားပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲ ပြင်းထန်လာတာနဲ့ တစ်ပြိုင်နက် နိုင်ငံတကာရောက် လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်အချို့ဟာ မြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်တဲ သတင်းတု သတင်းမှားတွေကို စွပ်စွဲပြောဆိုရေးသားနေတာဟာ လူမျိုးစုနှစ်ခုအကြား သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်တယ်လို့ AA က သတိပေးထားပါတယ်။

လက်ရှိမှာ မြို့တွင်းတိုက်ပွဲတွေ နေရာအနှံ့ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်နဲ့ ARSA၊ RSO၊ ARA စတဲ့ ဘာသာရေးအစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လူသားဒိုင်းကာအဖြစ် အသုံးပြုဖို့ ခေါ်ယူထားတဲ့ ဒေသခံပြည်သူအချို့ကို ရှိနေတယ်လို့ ဆိုပါတယ်။

ခေတ်အဆက်ဆက်က ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်း၊ အကြမ်းဖက်ကိစ္စရပ်၊ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေရဲ့ အဓိက တရားခံဟာ စစ်အစိုးရအဆက်ဆက်နဲ့ မြန်မာ့တပ်မတော်တစ်ဖြစ်လဲ စစ်ကောင်စီတပ်ဘဲ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတိုင်းဟာ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်တွေသာ ဖြစ်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.