“ထိုင်းနိုင်ငံမှာ ရှိတဲ့ အလုပ်သမားတွေကလည်း တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ လက်ရှိ ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေကိုအစဉ်မပြတ် နိုးနိုးကြားကြားနဲ့ လေ့လာပြီး နေထိုင်ဖို့ အားလုံးကို အကြံပေးချင်ပါတယ်” –  ဦးအောင်ကျော် (အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း)

မြန်မာနိုင်ငံသားတွေရဲ့ ဒုတိယအိမ်လို့တောင် ခေါ်ဆိုကြတဲ့ ထိုင်းနိုင်ငံကို  ရောက်ရှိနေကြတဲ့ မြန်မာအရေအတွက်ဟာ အာဏာသိမ်းပြီးတဲ့နောက် အမြင့်ဆုံးအနေအထားကို ရောက်ရှိလာပါတယ်။ စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံထဲကို တရားဝင်ရော တရားမဝင်ပါ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ တဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။

တရားဝင်ရောက်ရှိလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ လုပ်ခလစာ အပြည့်အဝမရရှိတာ၊ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရတာတွေကို ကြုံတွေ့ရတဲ့အပြင် တရားမဝင်ရောက်ရှိလာသူတွေမှာလည်း အဖမ်းခံရတာ၊ အလုပ်အကိုင်မရရှိတာတွေနဲ့ ရင်ဆိုင်နေကြပါတယ်။

တကယ့်မြေပြင်မှာ ထိုင်းရောက်မြန်မာတွေ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလဲ။ ဘာတွေသတိထားသင့်ပါသလဲ။ အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း- LRF အနေနဲ့ ဘာတွေ ကူညီပေးနေပါသလဲ ဆိုတာ သိရဖို့ ပြောခွင့်ရသူ ဦးအောင်ကျော်နဲ့ သံလွင်တိုင်းမ်က မေးမြန်းထားပါတယ်။

မေး – လတ်တလောမှာ အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း- LRF အနေနဲ့ ရွှေ့ပြောင်းအလုပ်သမားအရေးတွေအပေါ် ဘယ်လိုကူညီလုပ်ဆောင်မှုတွေ အသိပညာပေးမှုတွေ ရှိနေလဲ။

ဖြေ – အလုပ်သမား  အခွင့်အရေးဖောင်ဒေးရှင်း – LRF အနေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား ရှစ်သန်းရဲ့ တန်းတူညီမျှမှု၊ တရားမျှတမှု အလုပ်သမားအခွင့်အရေး အပြည့်အဝ ရရှိမှုတို့ကို အဓိက ဆောင်ရွက်တယ်။ 

နောက် သူတို့ကိုယ်တိုင် ကြုံတွေ့နေရတဲ့ အခက်အခဲကို ကျွန်တော်တို့က အတတ်နိုင်ဆုံး တရားမျှတမှုရအောင် ပူးပေါင်းဆောင်ရွှက်တယ်။ ပညာပေးတဲ့အခါမှာကျတော့ အဓိက ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် လက်မှတ် ယူတဲ့အခါမှာ အဓိကက မတရားတာ မရှိအောင် အလုပ်ရှင်ကိုယ်တိုင်က ဦးဆောင်ပြီး စာရွက်စာတမ်းပြုလုပ်တယ်ဆိုရင်တော့ ရတယ်။

အကယ်၍ အလုပ်ရှင်က ဦးဆောင်ပြီး မလုပ်ပေးရင် မတရားအကျိုးအမြတ် ရှာတဲ့ ကုပ်သွေးစုပ်တဲ့ ပွဲစားတွေရဲ့  ဂွင်မဖြစ်ရအောင် အဓိက အသိပညာပေးတယ်။ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ဖို့ သူတို့သတ်မှတ်ထားတဲ့ လုပ်ငန်းအမျိုးအစား သူတို့သတ်မှတ်ထားတဲ့ အလုပ်ရှင်နဲ့ တည့်တည်မတ်မတ်ဖြစ်အောင် အသိပေးတယ်။ 

ဘာဖြစ်လို့လဲဆိုတော့ ထိုင်းအလုပ်သမားဌာနမှာ ရေးထားတာက အလုပ်ရှင် မတူရင်ဖမ်းဆီး အရေးယူခံရမယ်။ နောက် အလုပ်အမျိုးအစား မတူရင်လည်း ဖမ်းဆီးအရေးယူခံရမယ်။ နောက်တစ်ခုက ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်အမျိုးအစား သတ်မှတ်ထားတယ်။ 

ပြီးရင် သူ့နိုင်ငံသားတွေ ဝင်ရောက်လုပ်ကိုင်မယ့် အလုပ်အမျိုးအစားတွေမှာ လုပ်ကိုင်မိရင် ဖမ်းဆီးအရေးယူခံရမယ် ဒါတွေကိုလည်း အသိပညာပေးနေပါတယ်။

မေး – ထိုင်း-မြန်မာနယ်စပ်ကနေ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဖမ်းဆီးခံရမှုအခြေအနေ၊ နယ်စပ်ဖြတ်ကျော်မှုအခြေအနေတွေ ဘယ်လိုမျိုးတွေ့နေရလဲ။

ဖြေ – ဒါကလည်း အင်မတန် စိုးရိမ်စရာကောင်းတဲ့ အချက်ပါပဲ။ကျွန်တော် ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရိမ်ဆုံး ကိစ္စလို့ ပြောရမယ်။ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံအစိုးရကလည်း Plan တစ်ခုချထားတာရှိတယ်။ ဒါကလည်း မီဒီယာကနေ အားလုံးသိထားပြီးသားကိစ္စပါ။ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေအားလုံးကို ဥပဒေကြောင်းအရ ရှာဖွေစစ်ဆေး ဖမ်းဆီးအရေးယူမယ် လို့ပြောပြီး ပြစ်မှု၊ ပြစ်ဒဏ် တပ်ပြီး ပြန်ပို့မယ်ဆိုတဲ့ အကြောင်းအရာတွေရှိတယ်။ 

မီဒီယာတွေအားလုံး သိပြီးသားပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာဆိုရင် ထိုင်းအစိုးရကိုယ်တိုင် ကြေညာထားပါတယ်။ တစ်နိုင်ငံလုံး ရှာဖွေစစ်ဆေးတဲ့အခါမှာ လူဦးရေ တစ်သိန်းလောက် ရှာဖွေဖမ်းဆီးထားပါတယ် လို့ ကြေညာချက်ထုတ်ပြန်တယ်။ အဲဒီနေရာမှာ ထူးထူးခြားခြား မြန်မာနိုင်ငံသား ရှစ်သောင်းကျော် ပါဝင်နေတယ်။ ဒီလူတွေဟာ မြန်မာပြည်မှာ နေဖို့ခက်ခဲပြီး အကြောင်းအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ ကြိုးစားနေတယ်ဆိုတာ နားလည်တယ်။

ကျွန်တော်တို့ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်နေရတာတော့ နည်းလမ်းမျိုးစုံနဲ့ တရားဝင်နည်းနဲ့ မရတဲ့အခါမှာ တရားမဝင်နည်းနဲ့ လာနေတဲ့လူတွေဖြစ်ပါတယ်။ ထိုင်းအစိုးရကလည်း နယ်စပ်ဒေသတွေကို အရင်နဲ့မတူဘဲနဲ့ အတားအဆီး တိုးမြှင့်ချထားပြီး ဖမ်းဆီးအရေးယူမှုတွေ လုပ်နေတယ်။ ဒါတွေကို စိုးရိမ်လို့ ဘယ်လို့စကားလုံးအသုံးအနှုန်း သုံးရမှန်း မသိအောင်ထိ ဖြစ်နေပါတယ်။

မေး – ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းက နယ်စပ် ကော့သောင်းမြို့ဘက်ကို ပြန်ပို့ပြီး မြန်မာစစ်ကောင်စီဘက်က ဒီအလုပ်သမားတွေကို စစ်မှုထမ်းဖို့ ခေါ်ဆောင်ဖမ်းဆီးသွားတာရှိပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။ ဘာများပြောချင်ပါလဲ။

ဖြေ – စောစောက ပြောခဲ့တဲ့ အတိုင်းပဲ ကျွန်တော့်အနေနဲ့ ပြောစရာ စကားလုံးတောင်မရှိပါဘူး။ ဖမ်းဆီးအရေးယူခံရမယ်ဆိုတာ။ ဒါပေမဲ့ ထိုင်းကိုလည်း အပြစ်ပြောလို့ မရပါဘူး။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သူ့နိုင်ငံရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးဆိုတာ နိုင်ငံတိုင်းချမှတ်ထားပြီးသား ဖြစ်တယ်။ ဘယ်နိုင်ငံတိုင်းမဆို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာတာဆိုရင် အရေးယူတာ မှန်တယ်။ 

သို့သော် ကျွန်တော်တို့လည်း အထူးမေတ္တာရပ်ခံချက်တွေ တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံရဲ့ ပကတိ လက်ရှိအခြေအနေအရ ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ စစ်ဘေးစစ်ဒဏ်ကြောင့် ပြေးလာရတဲ့သူတွေကို လူသားချင်းစာနာထောက်ထားပြီး အကူအညီပြုလုပ်ပေးပါဆိုပြီး အကူအညီ တောင်းဆိုထားတာရှိတယ်။ 

အဲဒီတော့ တရားမဝင် ဖမ်းဆီး အရေးယူခံရတာမျိုးတွေ၊ တစ်ဖက်မိခင်နိုင်ငံကို ပြန်လည်လွှဲပြောင်းတဲ့အခါမှာ စစ်မှုမထမ်းမနေရ ဥပဒေရှိနေတယ် သူတို့အဲဒါတွေ အားလုံးကို ပြောပြပြီး ပြန်ပို့တဲ့ လုပ်သားတွေ အားလုံးကို စစ်မှုထမ်းခိုင်းတယ် ဆိုတာ ကျွန်တော်တို့ ကြားသိရတယ်။ ဒါတွေကိုလည်း တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နည်းလမ်းမျိုးစုံနဲ့ ထိုင်းနိုင်ငံမှာ လူ့အခွင့်အရေး ကော်မရှင်နဲ့ ဆွေးနွေးညှိနှိုင်းပြီး အထူးမေတ္တာရပ်ခံတောင်းဆိုထားတာ ရှိပါတယ်။

မေး – ထိုင်းနိုင်ငံထဲကို တရားမဝင်ရောက်လာပြီးတော့ အထောက်အထား မရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်အကိုင်မရတာ လနဲ့ချီတာတွေ ရှိပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ဘာများပြောလိုပါလဲ။ အထောက်အထားမရှိဘဲ အလုပ်မရတဲ့ လုပ်သားဦးရေ ဘယ်လောက်ထိရှိနိုင်မလဲ ခန့်မှန်းခြေပေါ့။

ဖြေ – ဒါနဲ့ ပတ်သက်ပြီး စိတ်မကောင်းဘူး။ ဘာလို့ဆို ထိုင်းမှာလည်း ဥပဒေ ပြဌန်းထားတဲ့အခါ အလုပ်ရှင်ရော အလုပ်သမားရော ပြဌာန်းထားတာ ဖြစ်တယ်။ ဥပဒေနဲ့လည်း ပြဌာန်းထားတာက ထိုင်းနိုင်ငံ အလုပ်ရှင်များသည် တရားမဝင် နိုင်ငံခြားသား ရွေ့ပြောင်းအလုပ်သမားများကို ငှားရမ်း ခိုင်းစေတာက ပြစ်မှု၊ ပြစ်ဒဏ် ဖြစ်နေတယ်။ 

အလုပ်ရှင်တွေကလည်း ကြောက်ရွံ့တဲ့ အတွက်ကြောင့် အရဲ့စွန့်ပြီး အလုပ်သမားမခေါ်ဘူးဆိုတော့ အလုပ်သမားတွေမှာ ထိုင်းနိုင်ငံအစိုးရလည်း တရားဝင်နေထိုင်ခွင့် အလုပ်သမား လက်မှတ်တွေ ကြေညာထားတာ မှန်သော်လည်း အခုအချိန်မှာ ထိုင်းနိုင်ငံ အစိုးရအတွင်းမှာလည်း အပြောင်းအလဲ များတဲ့အတွက် ဒီအလုပ်သမားတွေဟာ လနဲ့ချီနေထိုင်ပြီး အခက်အခဲတွေ ဖြစ်နေတယ် ဆိုတာ ကြားသိရတယ်။ ဒါတွေကြောင့် စိတ်မကောင်း ဖြစ်ရတယ်။ 

ဒီအလုပ်သမားတွေကို မေတ္တာရပ်ခံချင်တာက မိမိရဲ့ ရပ်ဆွေရပ်မျိုး ဆွေမျိုးသားချင်းတွေမှာ ခေတ္တ ယာယီ ခိုလှုံပြီးမှ သိုသိုသိပ်နေထိုင်ဖို့ လိုအပ်တယ်။ မလိုအပ်ရင် အပြင်ကို ခရီးသွားလာတာတွေ လုံးဝ မလုပ်ဖို့လိုအပ်တယ်။ အကယ်၍ ရှာဖွေဖမ်းဆီးခံရမယ်ဆိုရင် နယ်စပ်ကို ပြန်ပို့တဲ့အခါမှာ မလိုလားအပ်တဲ့ ဒုက္ခတွေ ဖြစ်တဲ့အတွက် ဆင်ခြင်ကြဖို့လိုတယ်။ 

ထိုင်းနိုင်ငံမှာ တိုင်းနဲ့ ပြည်နယ် ခုနှစ်ဆယ့် ခုနှစ်ခုရှိတဲ့အတွက် ဘယ်လောက်ထိ စိမ့်ဝင်ပြီး ဘယ်လောက်အထိ ခိုအောင်းနေလဲဆိုတာ ကျွန်တော်တို့ အနေနဲ့ ကြေညာချက်လုပ်ပြီး ပြောလို့ မရဘူး။ သို့သော် ခန့်မှန်းချက်က မြန်မာပြည်မှာ ဘယ်လိုမှ ရပ်တည်လို့မရတဲ့အတွက် အမြောက်အမြား ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီလို့ သုံးသပ်လို့ရတယ်။ ကိန်းဂဏန်းကို တွက်ဆဖို့ အတွက်ကတော့ အင်မတန်ခက်ခဲပါတယ်။

မေး – စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတာရှိတယ်။ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ပြီး ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ရှိမှ ပြည်ပကို သွားရောက်အလုပ်လုပ်ဖို့ ထုတ်ပြန်ကြေညာထားပါတယ်။ သူတို့ကြေညာချက်နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ။ ကြေညာချက်ကြောင့် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

မေး – နိုင်ငံတကာမှာ သွားရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာ နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ ထိုင်းနိုင်ငံမှာ လုပ်အားခ အနိမ့်ဆုံး ရရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ စင်ကာပူတို့ တောင်ကိုးရီးယား၊ ဂျပန်ကို သွားတယ်ဆိုတာတော့ အရည်အသွေးရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက် လုပ်အားခရရှိတာကတော့ တော်တော်များများ ရရှိပေမဲ့ ထိုင်းနိုင်ငံမှာကျတော့ ထိုင်းနိုင်ငံမှာရေးထားတဲ့ ဥပဒေမှာကျတော့ ထိုင်းလူမျိုးများ မလုပ်နိုင်သော မလုပ်ချင်သော အလုပ်အကိုင်မျိုးကိုသာ နိုင်ငံခြား ရွေ့ပြောင်းအလုပ်သမားများကို စေခိုင်းရမယ်ဆိုတာမျိုး ဥပဒေမှာ ရေးထားပြီးသား ဖြစ်ပါတယ်။ 

ကျွန်တော်တို့က အနိမ့်ဆုံးလုပ်အားခကိုသာ ရမယ်။ ပြီးရင် အင်မတန်ပင်ပန်းမယ်။ ခက်ခဲပြီး အန္တာရယ်ရှိတဲ့ အလုပ်တွေ လုပ်ရတယ်။ ဒီလုပ်အားခ အနည်းငယ်သာ ရရှိတဲ့ မြန်မာနိုင်ငံသားတွေဆီက OWIC မပါရင် မသွားရ။ ပြီးရင် နှစ်ဆယ့်ငါး ရာခိုင်နှုန်းပေးရမယ်။ အထောက်အထားမရှိရင် မသွားရ ငွေပြန်လွှဲပေးကို လွှဲရမယ်ဆိုတဲ့ ကြေညာချက်ပြီးရင် လုပ်အားခရဲ့ နှစ်ရာခိုင်နူန်းကို အခွန်ဆောင်ရမယ်ဆိုတာ ကျွန်တော်ထင်တယ်။ အတင်းအဓမ္မ ကုပ်သွေးစုပ်တာလို့ပဲ ပြောချင်ပါတယ်။

မေး –  တခြားဖြည့်စွက် ပြောချင်တာရှိရင် ပြောပေးပါဦး။

ဖြေ – ကျွန်တော်အနေနဲ့ ပြောလိုတာကတော့ လက်ရှိ ပကတိ အခြေအနေမှာ မြန်မာပြည်ကြီး တစ်ကမ္ဘာလုံးမှာ ရှိတဲ့ နိုင်ငံတွေကြားထဲမှာ အဆိုးဝါးဆုံး အခြေအနေ ရောက်ရှိနေတယ်။ မိမိတို့ရဲ့ ကိုယ်ပိုင်ညဏ်အရည်အသွေးနဲ့ ချင့်ချိန်ပြီး သိုသိုသိပ်သိပ် နေထိုင်ကြဖို့ ပြည်တွင်းမှာ ရှိတဲ့ ရွေ့ပြောင်းအလုပ်သမား‌တွေကလည်း ပြည်ပနိုင်ငံ တစ်ခုခုကို သွားမယ်ဆိုရင် အကောင်းဆုံး ဖြစ်အောင် ကြိုတင် လေ့လာသုံးသပ်ပါ။

မိမိဆိုက်ရောက်မယ့်နိုင်ငံရဲ့ သဘာဝ၊ ဥပဒေ၊ လူနေမှု၊ အသိုင်းအ၀န်းတွေအားလုံး စနစ်တကျ လေ့လာပြီး သွားရောက်ဖို့၊ အလွယ်တကူ ပွဲစားတွေ လက်ထဲအပ်ပြီး သွားရောက်တာ မဟုတ်ဘဲနဲ့ လိမ်လည်လှည့်ဖြားခြင်းတွေ ကင်းဝေးဖို့ ထိုင်းနိုင်ငံမှာ ရှိတဲ့ အလုပ်သမားတွေကလည်း တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ လက်ရှိ ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေကိုအစဉ်မပြတ် နိုးနိုးကြားကြားနဲ့ လေ့လာပြီး နေထိုင်ဖို့ အားလုံးကို အကြံပေးချင်ပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.