ဝါရှင်တန် ဩဂုတ် ၁၇
အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် မြန်မာ့တော်လှန်ရေး အင်အားစုတွေနဲ့ အမေရိကန်အရာရှိတွေဟာ ဩဂုတ် ၁၆ ရက်မှာ အွန်လိုင်းကနေ တွေ့ဆုံခဲ့ကြပြီး အရပ်သားအစိုးရ ရွေးကောက်တင်မြှောက်နိုင်ရေး တိုက်ရိုက် ကူညီပေးဖို့ သဘောတူခဲ့တဲ့အပြင် စစ်ကောင်စီကို ဆက်လက် ဖိအားပေးရေး ကတိပြုခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဝါရှင်တန်အစိုးရရဲ့ ဒေသဆိုင်ရာ ပြိုင်ဘက် တရုတ်က အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို ကူညီကြဖို့ တိုက်တွန်းပြောကြားပြီးနောက် အခုလိုမျိုးတွေ့ဆုံမှု သတင်းထွက်တာဖြစ်ပါတယ်။
လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အဲဒီလိုမျိုး တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
ဩဂုတ် ၁၆ ရက် တွေ့ဆုံမှုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံအရာရှိ တွမ်ဆူလီဗန်၊ USAID လက်ထောက်အုပ်ချုပ်ရေးမှုး မိုက်ကယ်ဆစ်ဖာနဲ့အတူ NUG ထိပ်တန်းအဖွဲ့ဝင်တွေ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ တော်လှန်ရေးမှာ ပါဝင်နေတဲ့ အဖွဲ့စည်းတွေဖြစ်ကြတဲ့ KNU၊ KNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ပါဝင်တယ်လို့ အမေရိကန်ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တရုတ်က မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း ကောက်ယူရေးနဲ့ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နည်းပညာအကူအညီပေးမယ်လို့ ဩဂုတ် ၁၅ ရက်မှာ စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီအပေါ် ဆက်လက်ဖိအားပေးရေး အရေးကြီးကြောင်း၊ မစ္စတာ ဆူလီဗန်နဲ့ မြန်မာ့တော်လှန်ရေး အင်အားစုတွေ သဘောတူညီခဲ့ကြပါတယ်။ ဒီမိုကရေစီ လိုလားတဲ့အင်အားစုတွေကို တိုက်ရိုက်တိုးမြှင့် အကူအညီပေးအပ်ရေးအတွက် အမေရိကန်အရာရှိတွေက ကတိပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၊ အာဆီယံအထူးကိုယ်စားလှယ်တို့နဲ့ ပူးပေါင်းဆောင်ရွက်ရေး နှစ်ဖက်သဘောတူညီခဲ့ကြတယ်လို့လည်း အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref:Reuters