ပြုံးယမ်း၊ သြဂုတ် ၁၆
Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံနယ်စပ်ကို လုံးဝပိတ်ထားခဲ့ပြီးနောက် ငါးနှစ်နီးပါးအကြာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ကန့်သတ်ထားတဲ့ နိုင်ငံတကာ ခရီးသွားတွေအတွက် မြောက်ကိုရီးယားက တံခါးပြန်ဖွင့်မှာ ဖြစ်တယ်လို့ ပြုံးယမ်းနဲ့ အဆက်အသွယ်ရှိတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှစ်ခုက ကြေညာပါတယ်။
ခရီးသည်အုပ်စုတွေကို ကွယ်လွန်သွားပြီဖြစ်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီရဲ့ မွေးရပ်လို့ယူဆရတဲ့ တောင်တန်းမြို့ ဆမ်ဂျီယမ်ကို လည်ပတ်ခွင့်ပေးသွားမှာဖြစ်ကြောင်း ဘေဂျင်းအခြေစိုက် Koryo Tours လုပ်ငန်းနဲ့ ရှန်ဟိုင်းအခြေစိုက် KTG Tours လုပ်ငန်းနှစ်ခုစလုံးက အွန်လိုင်းမှာ သီးခြားကြေညာထားတာပါ။
ဆမ်ဂျီယမ်မြို့နဲ့ မြောက်ကိုရီးယား တစ်နိုင်ငံလုံးသို့ ခရီးသွားလာမှုတွေကို အခုနှစ် ဒီဇင်ဘာလမှာ တရားဝင် ပြန်လည်ခွင့်ပြုသွားမှာဖြစ်ကြောင်း ဒေသတွင်းလက်တွဲဖော် လုပ်ငန်းတွေဆီက အတည်ပြုချက် ရရှိထားတယ် လို့ အဲ့ဒီခရီးသွားလုပ်ငန်းတွေက ပြောကြားပါတယ်။
လာမယ့်ရက်တွေ သီတင်းပတ်တွေအတွင်း နောက်ထပ်အသေးစိတ် အခြေအနေတွေကို အပြီးသတ် ဆောင် ရွက်သွားမှာဖြစ်တယ်လို့ တရုတ်အခြေစိုက်ခရီးသွားလုပ်ငန်းတွေက ပြောပါတယ်။
KTG Tours ရဲ့ လူမှုကွန်ရက်ပေါ်က ကြေညာချက်မှာ လောလောဆယ် ဆမ်ဂျီယမ်မြို့ကို ခရီးသည်တွေ လာ ရောက်ခွင့်ပြုမယ်လို့ ပြောထားပေမယ့် ပြုံးယမ်းနဲ့ အခြားနေရာတွေကိုလည်း လာရောက် လည်ပတ်ခွင့်ပြု ဖို့ မျှော်လင့်ရကြောင်း ဖော်ပြထားပါတယ်။
ဆမ်ဂျီယမ်မြို့ဟာ တရုတ်နယ်စပ်မှာတည်ရှိပြီး ကိုရီးယားကျွန်းဆွယ်မှာ အမြင့်ဆုံးတောင်ဖြစ်တဲ့ ပက်တူ တောင်အနီးမှာ တည်ရှိတာဖြစ်ပါတယ်။
တောင်ကိုရီးယား နိုင်ငံသားတွေကို မြောက်ကိုရီးယားသို့ မသွားရဘူးလို့ တားမြစ်ထားပေမယ့် သမ္မတဟောင်း မွန်ဂျေးအင်နဲ့ ဇနီးတို့ ၂၀၁၈ ခုနှစ်မှာ အဲဒီတောင်ထိပ်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။
Ref:CNN