“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြည်သူတွေကို ပစ်မထားဘူး ရအောင်ပံ့ပိုးမယ်။ ကူညီမယ်။ ဒါကြောင့်အားလုံးစိတ်မလျော့ပါနဲ့ တော်လှန်ရေးပြီးတဲ့ ဆက်လက်တောင့်ခံပေးကြပါဦး” – ကိုမင်းသွေးသစ် (မြေပြင်တာဝန်ခံ)

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း အကြောင်းအမျိုးမျိုးကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို နွေဦးတော်လှန်ရေးလုပ်ဆောင်သူတွေ၊ ထောက်ခံသူတွေဟာ ခိုလှုံရောက်ရှိလာခဲ့ကြပါတယ်။ လူတစ်ယောက်အတွက် အဓိကကျတဲ့ စား၊ ဝတ်၊ နေရေး အခက်အခဲတွေထဲက စားသောက်ရေးအတွက် မဲဆောက်မြို့ဆီ ရောက်ရှိလာကြသူတွေဟာ အခက်ကြုံကြရပါတယ်။

ဒီလိုအခက်အခဲတွေကို တစ်ဖက်တစ်လမ်းကနေ ဖြေရှင်းပေးဖို့အတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းမှာ ထမင်းတစ်နပ် ၁၅ ဘတ်ဆိုတဲ့အဖွဲ့တစ်ခု မဲဆောက်မြို့မှာ ပေါ်ပေါက်လာခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ၊ ရပ်တည်လှုပ်ရှားသူတွေအတွက် ထိုင်းငွေ ၁၅ ဘတ်တန်ဖိုးရှိတဲ့ ထမင်းတစ်နပ်ကို ဝေမျှ ကူညီခဲ့ကြပါတယ်။

အခုတော့ အဲဒီအဖွဲ့က တစ်နှစ်သက်တမ်းရှိလာခဲ့ပြီဖြစ်လို့ ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေ၊ ရရှိခဲ့တဲ့အောင်မြင်မှုတွေအကြောင်း၊ အဖွဲ့အနေနဲ့ ကူညီဆောင်ရွက်မှုတွေအကြောင်းနဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း မြေပြင်တာဝန်ခံ ကိုမင်းသွေးသစ်နဲ့ သံလွင်းတိုင်းမ်က အခုလို စကားစမြည်ပြောကြည့်ထားပါတယ်။

မေး – ထမင်းတစ်နပ် ၁၅ ဘတ်မှာ ဘာတာဝန်ယူထားပါသလဲ။ ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့ကို ဖွဲ့စည်းထူထောင်ဖြစ်ခဲ့ပုံနဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ။

ဖြေ – ၁၅ ဘတ်မှာ ကျွန်တော်က မြေပြင်တာ၀န်ခံ အနေနဲ့ တာဝန်ယူထားပါတယ်။ ဒီအဖွဲ့စပြီးတည်ထောင်ရတဲ့ ရည်ရွယ်ချက်က နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီရဲ့ဖိနှိပ်မှုကြောင့် မဲဆောက်ကို ထွက်ပြေးတိမ်းရှောင်လာရတဲ့ တော်လှန်ရေးအသိုင်းအဝန်းမှာ ရှိနေတဲ့ CDM ဝန်ထမ်းတွေ၊နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေး ရဲဘော်တွေ သူတို့ရဲ့ကြုံနေရတဲ့ ဒုက္ခတွေကို တတ်နိုင်သလောက် ထမ်းပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဓိက ၁၅ ဘတ်နဲ့ ထမင်းရောင်းပေးမယ်ပေါ့။ 

အဓိကဦးတည်တာကတော့ တော်လှန်ရေးအသိုင်းအဝန်းကို ရသလောက် ဝိုင်းကူကြမယ်ဆိုပြီးတော့ပေါ့။ တော်လှန်ရေးပြီးတဲ့အထိ တောင့်ခံနိုင်အောင်လို့ပါ။

မေး – အခု ထမင်းတစ်နှပ် ၁၅ ဘတ်ရဲ့ သက်တမ်းက တစ်နှစ်ပြည့်ခဲ့ပြီဆိုတော့ ဒီတစ်နှစ်တာ ကာလအတွင်းမှာ ဘယ်လိုအခက်အခဲတွေ တွေ့ကြုံခဲ့ရသလဲ။ အောင်မြင်မှုဆိုရင်ရော ဘာဖြစ်မလဲ။

ဖြေ – အခက်အခဲတွေကတော့ အများကြီးကြုံရပါတယ်။ အကြီးဆုံးအခက်အခဲဆိုရင် နှစ်ခုရှိတယ်။ နောက်အခက်အခဲ အသေးအမွှားလေးတွေတော့ အများကြီးပေါ့နော်။ အကြီးအဆုံးအခက်အခဲ နှစ်ခုကတော့ ပထမတစ်ခုက ကိုယ်ရဲ့  ရန်ပုံငွေအခြေအနေနဲ့ ဟင်းအမယ်စီစဉ်ရတာပါ။ 

ကျွန်တော်တို့ဆီမှာ ရန်ပုံငွေရရင် အကုန်လုံးကို ကျွေးမွေးလှူဒါန်းဖို့ ဖြစ်တယ်ဆိုတော့ ရန်ပုံငွေများရင် များသလို ဒံပေါက် လုပ်ပေးနိုင်တာရှိရင် ဒံပေါက်လုပ်ပေးတယ်။ ဒါပေမယ့် ရန်ပုံငွေ နည်းနေရင် စီစဉ်ရတဲ့ ဟင်းလျာကို ကျွန်တော်တို့ တော်တော်လေး စဉ်းစားရတယ်။

ပထမဆုံးအခက်အခဲကတော့ အလှူငွေ အခက်အခဲ။ ကျွန်တော်တို့က တော်လှန်ရေးပြီးတဲ့အထိ သွားချင်တာ ဖြစ်တဲ့အတွက် ကိုယ့်အလှူငွေ ကိုယ်ရှိတာနဲ့ ပြန်ပြီးတော့မျှဝေရမယ့် အပိုင်းကို အပတ်တိုင်း စဉ်းစားပြီး စီစဉ်နေရတယ်။ အဲဒါက ရန်ပုံငွေ နည်းပါးတဲ့ အခက်အခဲပေါ့။

တော်လှန်ရေးပြီးတဲ့အထိ သွားချင်တော့ ပြည့်မီလား၊ မပြည့်မီဘူးလား မသိသေးဘူးပေါ့။ နောက်တစ်ခုက စေတနာ့ဝန်ထမ်း အခက်အခဲ။အားလုံးက ကိုယ်စီအလုပ်တွေလုပ်ရင်းနဲ့ အားတဲ့အချိန် ပြေးလာလုပ်ရတော့ ကျွန်တော်တို့ ရက်တိုးချင်ရင်တောင်မှ တစ်ရက်စာ စေတနာ့ဝန်ထမ်းတွေ တအားပိသွားမှာ၊ အလုပ်တွေအများကြီးပိသွားမှာ စိုးတယ်။ တော်တော်များများကလည်း အားတဲ့အချိန် ပြေးလာလုပ်ကြတယ်ဆိုတော့လေ။ ပထမအခက်အခဲက ရန်ပုံငွေအခက်အခဲ။ 

ဒုတိယတစ်ခုက လုပ်အားရရှိမှုအခက်အခဲပေါ့။ စေတနာ့ဝန်ထမ်း များများ ရမယ်ဆိုရင်တော့ ကျွန်တော်တို့ အဆင်ပြေပါမယ်။ အောင်မြင်မှုကတော့ တနှစ်ကျော်ကာလ အတွင်းမှာ ပထမ ကျွန်တော်တို့ တစ်ရက်ပဲရောင်းနိုင်တာ အခုဆို သုံးရက်ရောင်းနိုင်ပြီ။ နောက်တစ်ခုက မိဘပြည်သူတွေရဲ့ တုံ့ပြန်မှု ရတယ်။ ဒီကိစ္စသည် သူတို့ရဲ့ ဒုက္ခတွေကို တစ်ဘက်တစ်လမ်းက ကူညီပြီးထမ်းပေးတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ၁၅ ဘတ်အဖွဲ့ရေရှည် ရပ်တည်နိုင်မှသာ သူတို့အတွက်အကျိုးရှိမယ်ပေါ့။ အဲဒီ တုံ့ပြန်မှုတွေက ကျွန်တော်တို့ အဓိကအောင်မြင်မှုလို့ ပြောလို့ရတယ်။ 

ကျွန်တော်တို့ အဓိကလိုချင်တာကလည်း အမှန်တရားဘက် ရပ်တဲ့သူတွေကို အလုပ်အကျွေးပြုချင်တာပေါ့။ ဒါကြောင့်လည်း ကျွန်တော်တို့ ဦးတည်ချက် အောင်မြင်တာလို့ ပြောလို့ရတယ်။ ဒါကတစ်ချက်ပေါ့။ 

နောက်တစ်ချက်က လာဝိုင်းလုပ်ပေးတဲ့ စေတနာ့ဝန်ထမ်းတွေကို အလုပ်အကိုင် အခွင့်လမ်း ဖန်တီးပေးချင်တာပေါ့။ ဥပမာ ဒီမှာ‌စေတနာ့ဝန်ထမ်း အဖြစ်ရှိနေတဲ့ CDM ဆရာမတွေ၊ နောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ။ အဲဒီအမျိုးသမီးတွေ စုပေါင်းပြီးတော့ ရိုးရာဂျပ်ခုတ်သင်တန်းလုပ်တယ်။ အဲဒီ ဂျပ်ခုတ်လုပ်ငန်းက ထွက်လာတဲ့ဟာတွေကို ကိုယ့်ဘာသာရောင်းပြီးတော့ ကိုယ့်ဘာသာယူလို့ရတယ်။ 

ကျွန်တော်တို့က အလှူရှင်အနေနဲ့ ချိတ်ပြီးတော့ ဒီအဖွဲ့လေး ရပ်နိုင်အောင်လုပ်တယ် ဆိုတော့ ကျွန်တော်တို့က အမျိုးသမီးတွေအတွက်လည်း အလုပ်အကိုင်ဖန်တီးပေးနိုင်တယ်။ ဒါကလည်း ဒုတိယ အောင်မြင်မှုလို့ ပြောလို့ရတယ်။ 

ကျွန်တော်တို့ကို လာဝိုင်းလုပ်ပေးတဲ့ CDM ဝန်ထမ်းတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဝင်ငွေရပေါက်ရလမ်း အလုပ်အကိုင်တွေ လုပ်ပေးနိုင်တယ်။ သူတို့က အားတဲ့အချိန် ၁၅ ဘတ်မှာ လာလုပ်ပေးတယ်။ ပြီးရင် ကျွန်တော်တို့ဖန်တီးပေးတဲ့ လုပ်ငန်းတွေမှာလည်း သူတို့ဘာသာသူတို့ လုပ်နိုင်တယ်။ အခုဆိုရင် ဂျပ်ခုတ်ထည်တွေ ထွက်နေပြီ။ 

နောက်‌ယောကျ်ားလေးတွေ အတွက်လည်း အလုပ်အကိုင် ဖန်တီးပေးဖို့ ကြိုးစားနေပါတယ်။ အခုအချိန်ထိတော့ အကောင်အထည် မပေါ်သေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ အလှူရှင်တွေ အဖွဲ့တွေနဲ့ လိုက်ချိတ်ပြီးတော့ ကြိုးပမ်းနေပါတယ်။ဒုတိယကတော့ ကျွန်တော်တို့ကို လာကူညီပေးနေတဲ့ တော်လှန်ရေးရဲဘော်တွေကို အလုပ်အကိုင်ဖန်တီးပေးနိုင်တယ်။ နေဖို့စားဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကတော့ ဒုတိယအောင်မြင်မှုပါ။ 

တတိယကတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြည်သူတွေကို စိတ်ခွန်းအားပေးနိုင်တယ်။ စစ်ကောင်စီကို အာခံလို့ မဖြစ်မနေ ကိုယ်မြို့အိမ်တွေ စွန့်ခွာလာတဲ့ သူတွေကို ငါတို့မှာ ငါတို့ရှိတယ် ဆိုတဲ့ အတိုင်းပဲ။ ကျွန်တော်တို့လည်း ထွက်ပြေးတိမ်းရှောင်လာရတဲ့ သူတွေဖြစ်တယ်။ 

ဒီလူတွေက အချင်းချင်း မျှဝေပေးမယ်၊ ကူညီပေးမယ် ဆိုတော့ တော်လှန်ရေးပြီးတဲ့ အထိ စစ်ကောင်စီဖိအားကို တောင့်ခံနိုင်အောင် ကူညီပေးတယ်။ ဒါကတော့ တတိယအောင်မြင်မှုပါ။ ကျွန်တော်တို့ အချင်းချင်း မျှဝေပြီးတော့ တောင့်ခံနိုင်အောင်ပေါ့။

မေး – အခုလိုအဖွဲ့ကြီးက တစ်နှစ်သက်တမ်းရှိလာတဲ့အထိ ရပ်တည်နိုင်ဖို့အတွက် ကျေးဇူးတင်ထိုက်သူတွေဆိုရင်ရော ဘယ်သူတွေဖြစ်မလဲ။

ဖြေ –  ပထမဆုံးကျေးဇူးတင်ချင်တာက ကိုယ့်ပြည်သူလူထုကို ကျေးဇူးတင်တာ ဘာလို့လဲဆိုတော့ ဒီအဖွဲ့စလုပ်တာ ပြည်သူလူထုကို ကူညီဖို့စလုပ်တယ်။ ဒီပြည်သူတွေကပဲ ကျွန်တော်တို့ကို ပြန်လှူဒါန်းတယ်။ ဒီပြည်သူတွေကပဲ ကျွန်တော်တို့ဆီမှာ လုပ်အားလာပေးတယ်။ ဒီပြည်သူတွေကပဲ ကျွန်တော်တို့ကို အားပေးထောက်ခံတယ်။ စိတ်ခွန်အားပေးတယ်။ ကျွန်တော်တို့ အပြန်အလှန်ပဲ သူတို့ကိုလည်း စိတ်ခွန်အားပေးသလို ကျွန်တော်တို့ကိုလည်း စိတ်ခွန်အားပေးတယ်။ 

ပထမဆုံးလုပ်ဆောင်တာမှာ စိတ်ခွန်အား‌တွေ လှူဒါန်းတာတွေ ပြုလုပ်ပေးနေတဲ့ ပြည်သူတွေကို ပထမဆုံးကျေးဇူးတင်တယ်။ ဒုတိယအနေနဲ့ ဒီအိုင်ဒီယာ ရှိတယ်။ လုပ်လည်း လုပ်ခဲ့တယ်။ ရန်ကုန်မှာ။ ဒါပေမဲ့ မဲဆောက်မှာကျတော့ ငွေကြေးအခက်အခဲရှိတယ်။ အဲဒီငွေကြေးအခက်အခဲ အဆင်ပြေအောင်ကူညီပေးတဲ့ ဒီအိုင်ဒီယာ ပြောပြတဲ့အခါမှာထပ်ပြီး ပိုကောင်းအောင်လို့ အကြံညဏ်တွေ ပေးပြီး ဝိုင်းဖြည့်ပေးတဲ့  ၈၈ မျိုးဆက် အစ်ကိုတွေ၊ အမေရိက၊ ကနေဒါ နေရာအများကြီးက အဝေးကြီးကနေ လှမ်းကူပေးတယ်။ 

လူကိုယ်တိုင်ကလည်း တစ်နှစ်တစ်ခါရောက်အောင်လာတယ် ဆိုတော့ ဒုတိယ ကျေးဇူးတင်ရမှာကတော့ ကျွန်တော်တို့ အဖွဲ့လေး စဖြစ်အောင် လုပ်ပေးတဲ့ လိုအပ်တဲ့ အကြံညဏ်တွေရော မ,တည်ငွေပါ အကူအညီပေးတဲ့ တတိယနိုင်ငံမှာနေတဲ့ ၈၈ မျိုးဆက် အစ်ကိုတွေကို ကျေးဇူးတင်တယ်။ တတိယအနေနဲ့ ကျွန်တော်တို့ အဖွဲ့အစည်းကို အခုချိန်ထိ စိတ်ပင်ပန်း လူပင်ပန်းခံပြီးတော့။ 

အဖွဲ့အစည်းဆိုတော့ အချင်းချင်း ပွတ်တိုက်မှုတွေရှိတယ်။ အလုပ်လုပ်ရင်းနဲ့ အဆင်မပြေတာမျိုးရှိတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် သည်းခံပြီး ငါတို့လုပ်တဲ့ အလုပ်ကကောင်းတယ်။ ဒီအလုပ်ကို အပျက်မခံဘူးဆိုပြီး ဘယ်လိုဖြစ်ဖြစ်သွားမယ်ဆိုပြီး တစ်နှစ်ကာလအထိ တောင့်ခံထားတဲ့ ကျွန်တော်တို့ရဲ့ အဖွဲ့၀င်တွေကို ကျေးဇူးတင်တယ်။ ဒါကတော့ တတိယကျေးဇူးတင်ရမယ့်သူတွေပေါ့ ။

မေး – အဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေးအတွက် သီးခြား ဘာလုပ်ငန်းတွေ လုပ်ဆောင်ပေးဖြစ်လဲ။ ကူညီပေးဖြစ်လဲ။

ဖြေ – လုပ်တာတော့ အများကြီးပဲ။ ကျွန်တော့အနေနဲ့ နွေဦးတော်လှန်ရေးကာလမှာ လုပ်ငန်းတစ်ခု ဇောက်ချပြီး လုပ်တာမျိုး အားမရဘူး။ တော်လှန်ရေးကို အားပေးမယ့် ဘယ်အရာမဆို လုပ်တယ်။ ကျွန်တော်တို့ ထမင်းတစ်နှပ် ၁၅ ဘတ်လုပ်တယ်။ 

တစ်ဘက်မှာလည်း စေတနာ့ဝန်ထမ်းတွေ အတွက် ရိုးရာဂျပ်ခုတ်လုပ်ငန်းတွေ လုပ်ပေးတယ်။ နောက်ပြည်တွင်းမှာရှိတဲ့ ထောင်ကျနေတဲ့ ရဲဘော်ရဲဘက်တွေ၊ နှစ်သောင်းကျော်သော အမှန်တရားဘက်မှာ ရပ်တည်တဲ့ ရဲဘော်ရဲဘက်တွေကို ထောင်၀င်စာတွေ့တာမျိုး နွေဦးတမန်ဆိုတဲ့ နာမည်နဲ့ နိုင်ကျဉ်းတစ်မိသားစုကို ငါးသောင်းနှုန်းနဲ့ အယောက် နှစ်ရာ့ခုနှစ်ဆယ် နှစ်ရာရှစ်ဆယ် ပေးနိုင်တယ်။ ဒါကလည်း အလှူရှင်တွေ ဝိုင်းပံ့ပိုးပေးတာ နောက်ကွယ်က ပံ့ပိုးပေးတဲ့ သူတွေလည်း အများကြီးရှိတယ်။ ဒီလူတွေကိုလည်း ကျေးဇူးတင်ရမယ်။ 

ထောင်ကလွတ်လာတဲ့ ၂၀၂၂ ကနေ အခုချိန်ထိ တစ်လမှ မပြတ်ဘူး။ အဆင်ပြေအောင် လုပ်နိုင်တယ်ပေါ့နော်။နောက်တစ်ခုက စစ်ဘေးရှောင်ကူညီတာလုပ်တယ်။ ကျွန်တော်တို့ရဲ့ အနီးအနားမှာရှိတဲ့ ကရင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေ၊ ကရင်နီ နောက်အညာတွေကို တစ်လ တစ်ခါ  ပိုက်ဆံပို့ပြီးတော့ ကူညီပေးတယ်။ ဒီလမှာ ကရင်နီမှာကူညီတယ်။ အဲဒီလိုမျိုး စစ်ဘေးရှောင်တွေကို ကူညီတယ်။ 

နောက်တစ်ခုကတော့ သင်တန်းတွေဖွင့်တာလုပ်တယ်။ သင်တန်းတွေကတော့ တော်လှန်ရေးအင်အားစုမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက် တွေ နိုင်ငံရေးအသိပညာတိုးတက်လာအောင် နောင်ဖြစ်လာမယ့် တော်လှန်ရေးမှာ စစ်ကောင်စီမရှိမယ့်အချိန်မှာ နိုင်ငံရေးအရ အမှန်ဆုံးဖြတ်တတ်အောင် ဘယ်ကိုဆန်ကျင်ရမယ် ဘယ်ကိုထောက်ခံရမယ်ဆိုတာကို ဘယ်သူ့ကိုဝေဖန်ရမယ်။ ဘယ်သူ့ကိုကန့်ကွက်ရမယ် ဆိုတာကို သိအောင်လို့ အသိပညာပေးတဲ့ သင်တန်းတွေလုပ်တယ်။ နိုင်ငံရေးသိပ္ပံသင်တန်းတွေ တရားမျှတမှု သင်တန်းတွေ လူ့အခွင့်အရေး သင်တန်းတွေပေးတယ်။ 

ဒါတွေကို PDF ရဲဘော်တွေရော မြေပြင်နိုင်ငံရေး သပိတ် ခေါင်းဆောင်တွေကိုရော လောလောဆယ် သင်တန်းပေးတာလုပ်နေတယ်။ ကျွန်တော့်ရဲ့ တစ်ကိုယ်ရည်အရ MOE လက်အောက်မှာရှိတဲ့ ပြည့်သူပညာရေးကျောင်းတွေမှာ စာသင်နေတယ်။ ဒီလုပ်ငန်းတွေက များတော့ ခွဲခွဲ လုပ်နေရတာပေါ့။ 

ပင်ပန်းပေမယ့် အလုပ်တစ်ခုတည်းကို မလုပ်ချင်ဘူး။ ပြည်သူတွေကို အိမ်မြန်မြန် ပို့ချင်တယ်။ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်မိစ္ဆာတွေကို မြန်မြန် ကျဆုံးစေချင်တယ်။ ဒါကြောင့်မို့ ဒီလုပ်ငန်းအများကြီးကို လုပ်နေပါတယ်။

မေး – အဖွဲ့အနေနဲ့ ရှေ့ဆက်ပြီးတော့ရော ဘာတွေ ဆက်လုပ်သွားဖို့ရှိမလဲ။

ဖြေ – ကျွန်တော်တို့သဘောကတော့ ရက်ထပ်တိုးချင်တယ်။ တစ်ရက်စာအတွက် ဟင်းချက်ပေးမဲ့  ဟင်းသီးဟင်းရွက်တွေ ချက်ပေးမဲ့ စေတနာ့ဝန်ထမ်းတွေလိုတယ်။ တစ်ရက်ထပ်တိုးချင်တယ်။ 

နောက်တစ်ခုက တော်လှန်ရေးပြီး အိမ်ပြန်တဲ့အချိန်ထိ ၁၅ ဘတ်အဖွဲ့ကပြည်သူတွေကို ဝိုင်းဝန်းပံ့ပိုးပေးတာမျိုး ဖြစ်ချင်တယ်။ အဲဒီလောက်ထိ ရပ်တည်တာမျိုးဖြစ်ချင်တယ်။ အဲဒီတော့ ကျွန်တော်တို့ဆက်လက်ကြိုးစားသွားမယ်။ ရှေ့ဆက်ပြီးဘာလုပ်မလဲဆိုရင် တော်လှန်ရေးပြီးတဲ့အထိ ကူညီချင်တယ်။ နောက်တစ်ခုက ရက်လည်း ထပ်တိုးချင်ပါတယ်။

မေး – စစ်အာဏာရှင်ကို ခုခံတွန်းလှန်ရင်းနဲ့ မဲဆောက်မြို့ကို ရောက်ရှိလာတဲ့ နွေဦးတော်လှန်ရေး ရဲဘော်တွေ၊ နွေဦးတော်လှန်ရေး ဘက်တော်သားတွေကို ထမင်းတစ်နပ် ၁၅ ဘတ် အနေနဲ့ ဘယ်လိုသတင်းစကားပါးချင်လဲ။

ဖြေ – ပြည်သူတစ်ရပ်လုံးကို ဖိစီးနှိပ်စက်နေတဲ့ ဒီစစ်ကောင်စီ ကျရှုံးတဲ့အထိ အားတင်းထားပါ။ တော်လှန်ရေးပြီးသွားရင် ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင် အိမ်ပြန်ကြပါမယ်။ ဒီတောင့်ခံရတဲ့ ကာလအတွင်းမှာ ကြုံရတဲ့ ဒုက္ခတွေကို ကျွန်တော်တို့က ပြည်သူတွေကို ပစ်မထားပါဘူး။ 

ကျိန်းသေတဲ့အရာက ကျွန်တော်တို့ ထမင်းနပ်မှန်နေတဲ့ အချိန်မှာ ပြည်သူလူထု ထမင်းငတ်တာမျိုး ကျွန်တော်တို့ အဖြစ်မခံပါဘူး။ ကိုယ်ရှိနေတာက တစ်လုတ်တော့ ခွဲကျွေးမှာပဲ။ ဒါက အဆိုးဆုံးအခြေအနေကို ပြောပြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြည်သူတွေကို ပစ်မထားဘူး ရအောင်ပံ့ပိုးမယ်။ ကူညီမယ်။ ဒါကြောင့်အားလုံးစိတ်မလျော့ပါနဲ့ တော်လှန်ရေးပြီးတဲ့ ဆက်လက်တောင့်ခံပေးကြပါဦးလို့ ပြောချင်ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.