ဒါကာ၊ သြဂုတ် ၇

ရာထူးက နုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာရဲ့ ကာလကြာရှည် နိုင်ငံရေးရန်ဖက်ဖြစ်တဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနာ့စ်ကို ဘင်္ဂလားဒေ့ချ်နိုင်ငံရဲ့ ယာယီ ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

ဆိုးဆိုးရွားရွား မငြိမ်သက်မှုတွေ သီတင်းပတ်များစွာကြာ ဖြစ်ပွားပြီးနောက် ဝန်ကြီးချုပ် ဟာဆီနာ နိုင်ငံတွင်းက ထွက်ပြေးသွားပြီး တစ်ရက်အကြာမှာ အသက် ၈၄ နှစ်အရွယ် မူဟာမက် ယူနာ့စ်ကို ယာယီအစိုးရအဖွဲ့ရဲ့ အကြံပေးပုဂ္ဂိုလ် အဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ပါမောက္ခ ယူနာ့စ်ဟာ သူ့ရဲ့ အသေးစားချေးငွေ လုပ်ငန်းကို ဦးဆောင်ခဲ့မှုအတွက် ချီးကျူးခံခဲ့ရပေမယ့် ဝန်ကြီးချုပ် ဟာဆီနာက သူ့ကို ပြည်သူ့ ရန်သူတော်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။

နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ယူနာ့စ်ကို မကြာသေးခင်က ဒေသဆိုင်ရာ တရားရုံး တစ်ရုံးက ထောင်ဒဏ်ချမှတ်ခဲ့ပြီး သူက နိုင်ငံရေးအရ စေ့ဆော်မှု ပါဝင်နေတဲ့ အမှု ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို ဦးဆောင်နေတဲ့ ကျောင်းသားတွေက စစ်တပ်ဦးဆောင်တဲ့ အစိုးရကို အလိုမရှိဘူးလို့ ပြောကြားပြီး ယာယီ အစိုးရအဖွဲ့ကို ပါမောက္ခ ယူနာ့စ် ဦးဆောင်ရေး တွန်းအားပေးခဲ့ကြပါတယ်။

သမ္မတ မိုဟာမက် ရှာဟာဘူဒင်၊ စစ်တပ် ခေါင်းဆောင်တွေနဲ့ ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးပြီးနောက် ပါမောက္ခ ယူနာ့စ်ကို ယာယီအစိုးရအဖွဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်မယ့် ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

“အများကြီး စွန့်လွှတ် အနစ်နာခံထားတဲ့ ကျောင်းသားတွေက ဒီလို ခက်ခဲတဲ့ လမ်းဆုံလမ်းခွမှာ ကျွန်တော့်ကို ဝင်ပါဖို့ တောင်းဆိုတော့ ကျွန်တော် ဘယ်လို ငြင်းနိုင်မှာလဲ”လို့ ယူနာ့စ်က ပြောပါတယ်။

၁၉၈၃ ခုနှစ်မှာ ယူနာ့စ်ဟာ Grameen Bank ကို စတင် တည်ထောင်ပြီး ဆင်းရဲသားတွေ လုပ်ငန်း လုပ်နိုင်အောင် အသေးစား ကာလရှည် ချေးငွေတွေ ထုတ်ပေးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ပါမောက္ခ ယူနာ့စ်နဲ့ သူတည်ထောင်ထားတဲ့ ဘဏ်တို့ကို နိုဗယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့ပါတယ်။

နိုင်ငံတကာမှာတော့ သူ့ကို ဆင်းရဲသားတွေအတွက် ငွေချေးပေးတဲ့ ဘဏ်လုပ်ငန်းရှင်အဖြစ် လူတွေ သိထားကြပေမယ့် ဝန်ကြီးချုပ် ဟာဆီနာကတော့ သူဟာ ဆင်းရဲသားတွေကို ဂုတ်သွေးစုပ်သူလို့ ပြောကြားပြီး သူ့ဘဏ်ဟာ အတိုးနှုန်း အဆမတန် ရယူနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ပါမောက္ခ ယူနာ့စ်ဟာ သူ့ရဲ့ အလုပ်သမားတွေအတွက် ဖူလုံရေး ရန်ပုံငွေ ထူထောင်ဖို့ ပျက်ကွက်မှုနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အလုပ်သမား ဥပဒေနဲ့ အရေးယူခံခဲ့ရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.