အယ်လ်အာဆတ်၊ သြဂုတ် ၆

အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်း တစ်ခု ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အမေရိကန်စစ်မှုထမ်း အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အရာရှိတွေက ပြောကြားခဲ့ပါတယ်။

ဟားမာ့စ်နဲ့ ဟစ်ဇ်ဘိုလာ အဖွဲ့ အကြီးတန်း ခေါင်းဆောင်တွေ သတ်ဖြတ်ခံရပြီးနောက် အရှေ့အလယ်ပိုင်းဒေသဟာ အရေးကြီးတဲ့ အချိန် အခိုက်အတန့်မှာ ရောက်ရှိနေပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားထားချိန်မှာ အခုလိုတိုက်ခိုက်မှု ဖြစ်ပွားလာတာပါ။

အီရတ်နိုင်ငံ အနောက်ပိုင်းရှိ အယ်လ် အာဆတ် လေတပ် အခြေစိုက်စခန်း တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုကို စိစစ်နေဆဲ ဖြစ်ကြောင်း အမေရိကန် အရာရှိတွေက ပြောကြားထားပါတယ်။

ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ပါဝင်နေသလဲ ဆိုတာကိုတော့ သူတို့က မပြောသေးပါဘူး။

အဲဒီလေတပ်အခြေစိုက်စခန်းကို Katyusha (ကတ်ယူရှာ) အမျိုးအစား ဒုံးကျည် နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုံးကျည် တစ်လုံး စခန်းထဲသို့ ကျရောက်ခဲ့ကြောင်း လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

အီရတ်နိုင်ငံက အယ်လ် အာဆတ် လေတပ်အခြေစိုက်စခန်းရှိ အမေရိကန်နဲ့ ညွှန့်ပေါင်း တပ်ဖွဲ့တွေ ဒုံးကျည်နဲ့ တိုက်ခိုက်ခံရကြောင်း မိမိတို့ အတည်ပြုနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

ကနဦး စိစစ်မှုအရ ထိခိုက်ဒဏ်ရာရတဲ့ စစ်မှုထမ်း အများအပြားရှိကြောင်း သိရပြီး စခန်းရှိ ဝန်ထမ်းတွေက ထိခိုက်ပျက်စီးမှု အတိုင်းအတာကို ဆက်လက် စစ်ဆေးနေကြောင်း သူက ပြောဆိုထားပါတယ်။

အမေရိကန် စစ်မှုထမ်း ဘယ်နှစ်ယောက်လောက် ဒဏ်ရာရသွားသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သေဆုံးသူ မရှိသလို ခြေထောက်ပြတ်၊ လက်ပြတ်သွားတာလိုမျိုး ဒဏ်ရာ ပြင်းထန်သူ မရှိဘူးလို့ အမေရိကန် စစ်ဖက်ဆိုင်ရာ အကြီးတန်း အရာရှိ တစ်ဦးကတော့ ထုတ်ဖော်ပြောဆိုထားပါတယ်။

အီရန်နဲ့ သူတို့ရဲ့ ကိုယ်စား တပ်ဖွဲ့တွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ မိမိတို့ နောက်ဆုံး အခြေအနေကို ဖော်ပြထားပြီး ဖြစ်ကြောင်းနဲ့ တင်းမာမှု အရှိန်လျှော့ချရေး သံတမန် နည်းလမ်းနဲ့ ကြိုးပမ်းနေကြောင်း အစ္စရေး ထပ်ပြီး တိုက်ခိုက်ခံရရင် ကာကွယ်ပေးနိုင်ရေး ကြိုတင် ပြင်ဆင်နေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လူမှုမီဒီယာ X ပေါ်မှာ ရေးသားထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.