ဘန်ကောက်၊ သြဂုတ် ၆

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားအရေး စီမံခန့်ခွဲရာမှာ စစ်ကောင်စီကို ချန်လှပ်ထားရေး အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထိုင်းအစိုးရထံ တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီဟာ သူတို့ အာဏာ ဖက်တွယ်ထားမှု ရှည်ကြာစေရေး ရွှေ့ပြောင်းအလုပ်သမားတွေ အပေါ် မတရားသဖြင့် အခွန်တွေ ကောက်နေတယ်လို့ NUG က ပြောပါတယ်။

ထိုင်းမှာ မြန်မာနိုင်ငံက အထောက်အထားရှိတဲ့ အလုပ်သမား ၂ သန်းလောက် ရှိပြီး စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ ကုန်ထုတ်လုပ်ရေးနဲ့ အခြားကဏ္ဍတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စီးပွားရေး အခြေအနေ မကောင်း ဖြစ်နေချိန်မှာ ထိုင်းရောက် မြန်မာအလုပ်သမား တော်တော်များများဟာ သူတို့ရဲ့ မိသားစုတွေကို ထောက်ပံ့ရေး ငွေပြန်လွှဲ ပို့နေကြပါတယ်။

နှစ်နိုင်ငံကြား နားလည်မှု စာချွန်လွှာအရ မြန်မာအလုပ်သမား တော်တော်များများ ထိုင်းမှာ လာရောက် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပေမယ့် အထောက်အထား မရှိဘဲ ထိုင်းနိုင်ငံထဲ ဝင်ရောက် လာသူတွေလည်း ရှိနေပါတယ်။

အဲဒီလို တရားမဝင် လမ်းကြောင်းက ရောက်လာသူတွေကို ထိုင်းအစိုးရက ဘန်ကောက်ရှိ မြန်မာသံရုံးမှာ CI ခေါ် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် ထုတ်ပေးနေပါတယ်။

စစ်ကောင်စီ သံရုံးက အဲဒီလို ခွင့်ပြုချက်တွေ ထုတ်ပေးခွင့် ရနေတာကြောင့် အလုပ်သမားတွေကို ဖိနှိပ်ဖို့ အမျိုးမျိုး အသုံးချဖို့ အခွင့်အရေး ရရှိနေတယ်လို့ NUG က ပြောပါတယ်။

လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ထိုင်းနိုင်ငံမှာ မြန်မာ စစ်ကောင်စီ အနေနဲ့ ဥပဒေချိုးဖောက်ခွင့် မရရှိစေရေး၊ အလုပ်သမား အခွင့်အရေးနဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ဦးစားပေးရေး၊ မိမိတို့က ထိုင်းအစိုးရ ၊လွှတ်တော် ကိုယ်စားလှယ်တွေ၊ လွှတ်တော်နဲ့ အခြား သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ထိုင်းနိုင်ငံသားတွေကို တိုက်တွန်းလိုကြောင်း NUG က ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ထိုင်းမှာ တရားဝင် နေထိုင်ခွင့်ရရှိရေး အသိအမှတ်ပြုချက်တွေ လက်ခံရရှိဖို့ အရေးကြီးပြီး ပြီးခဲ့တဲ့လမှာ အဲဒီလို လက်မှတ် ထုတ်ပေးတဲ့ ရုံး ၈ ခုအနက်က ၇ ခုကို ထိုင်းဘက်က ပိတ်လိုက်တာကြောင့် အလုပ်သမားတွေ အတွက် အခက်အခဲတွေ ရှိလာပါတယ်။

အခုအချိန်မှာ မြန်မာအလုပ်သမားတွေအနေနဲ့ ဆာမွတ်ဆခွန်နဲ့ ဘန်ကောက်မြို့က သံရုံးမှာပဲ CI လျှောက်ထားလို့ ရပါတော့မှာဖြစ်ပါတယ်။

အထောက်အထား မရှိတဲ့ အလုပ်သမားတွေကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ထုတ်ပေးတဲ့ စနစ် ဖော်ဆောင်ချိန်မှာ သံရုံးက မတရားသဖြင့် စာရွက်စာတမ်းတွေ အများကြီး တောင်းခံနေတယ်လို့ NUG က ပြောပါတယ်။

ရွှေ့ပြောင်း နေထိုင်သူတွေမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရှိရင် သူတို့ကို နိုင်ငံကူးလက်မှတ် ထုတ်ပေးသင့်တယ်လို့ NUG က ပြောထားပါတယ်။

Ref:Rfa

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.