ဝါရှင်တန်၊ သြဂုတ် ၃

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အမေရိကန် ဒုသမ္မတ ကာမယ်လာ ဟားရစ်ကို ရွေးကောက်ပွဲ သမ္မတလောင်းအဖြစ် ဒီမိုကရက်ပါတီ ကိုယ်စားလှယ်တွေ မဲခွဲဆုံးဖြတ်ပြီး တရားဝင် ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီလို ရွေးချယ်ခံရမှု အတွက် ဂုဏ်ယူမိကြောင်း ဒုသမ္မတ ဟားရစ်က ပြောကြားခဲ့ပါတယ်။

ဒုသမ္မတ ဟားရစ်ဟာ အမေရိကန် နိုင်ငံရေး ပါတီကြီးတစ်ခုက သမ္မတ ဖြစ်လာစေဖို့ ရွေးချယ်တဲ့ ပထမဆုံး လူမည်းအမျိုးသမီးနဲ့ ပထမဆုံး အာဖရိကနွယ်ဖွား အမျိုးသမီး အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ရီပက်ဘလေကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်ကို အနိုင်ရခဲ့ရင် သူဟာ အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒုသမ္မတ ဟားရစ်ဟာ ကိုယ်စားလှယ် ၂၃၅၀ ဦးရဲ့ ထောက်ခံမှုနဲ့ ရွေးကောက်ပွဲ သမ္မတလောင်းအဖြစ် သြဂုတ် ၂ ရက် နေ့လယ်ပိုင်းက တရားဝင် ရွေးချယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် အော့ကလန်မြို့မှာ မွေးဖွားခဲ့တဲ့ အသက် ၅၉ နှစ် အရွယ် ဟားရစ်ဟာ ပါတီရဲ့ နှစ်ပေါင်း ၂၀၀ နီးပါးရှိတဲ့ ရာဇဝင်မှာ အနောက်ပိုင်းပြည်နယ် တစ်ခုက ထွက်ပေါ်လာတဲ့ ပထမဆုံး ဒီမိုကရက် သမ္မတလောင်း ဖြစ်ပါတယ်။

သူဟာ ဆန်ဖရန်ဆစ္စကို ဒေသဆိုင်ရာ အစိုးရရှေ့နေ အဖြစ်ကနေ ကယ်လီဖိုးနီးယား အစိုးရ ရှေ့နေချုပ်၊ နောက်ပြီး အမေရိကန် လွှတ်တော် အမတ်အဖြစ် နိုင်ငံရေး ရာထူး အဆင့်ဆင့်ကို ဖြတ်ကျော် ထွက်ပေါ် လာခဲ့သူ ဖြစ်ပါတယ်။

လက်ရှိသမ္မတ ဘိုင်ဒန်ဟာ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုက နုတ်မထွက်ခင် ထောက်ခံမှု အများကြီး ရရှိခဲ့ပြီး ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုနဲ့ ရင်မဆိုင်ခဲ့ရပေမယ့် သူ့ရဲ့ အသက်အရွယ်ကြောင့် နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒုသမ္မတ ဟားရစ်အနေနဲ့ သူ့ရဲ့ ရွေးကောက်ပွဲ မိတ်ဖက်ကို လာမယ့် သြဂုတ် ၅ ရက်မှာ ရွေးချယ်မယ်လို့ မျှော်လင့်ရပြီး သူ့ရဲ့ ရွေးချယ်မှုအတွက် ပါတီ ကိုယ်စားလှယ်တွေ မဲခွဲဆုံးဖြတ်စရာ မလိုပါဘူး။

ထရန့်ရဲ့ မဲဆွယ်ရေးအဖွဲ့နဲ့ ရီပက်ဘလေကန်ပါတီဝင် အချို့က သမ္မတဘိုင်ဒန်ရဲ့ နေရာမှာ ဒုသမ္မတ ဟားရစ်ကို အစားထိုးမှုနဲ့ ပတ်သက်လို့ ဝေဖန်နေကြပါတယ်။

သူဟာ အင်တာဗျူး ဒါမှမဟုတ် သတင်းစာရှင်းလင်းပွဲ မလုပ်ဘဲ ရွေးချယ်ခံရတဲ့ ပထမဆုံး ပါတီကိုယ်စားလှယ်လောင်း ဖြစ်တယ်လို့ ရီပက်ဘလေကန်တွေက စောဒက တက်နေကြပါတယ်။

ဒုသမ္မတ ဟားရစ်ရဲ့ မဲဆွယ်ရေးအဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းမှာရန်ပုံငွေ ရှာဖွေရရှိမှု ဒေါ်လာ သန်း ၃၁၀ ရှိကြောင်း သြဂုတ် ၂ ရက်က ကြေညာထားပါတယ်။

ဒီပမာဏဟာ အဲဒီကာလအတွင်း ထရန့်ရဲ့ မဲဆွယ်ရေး အဖွဲ့ ရှာဖွေနိုင်ခဲ့တဲ့ ရန်ပုံငွေ ပမာဏဖြစ်တဲ့ ဒေါ်လာ ၁၃၈ သန်းထက် နှစ်ဆကျော် ပိုများနေတာလည်းဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.