ဆိုးလ်၊ သြဂုတ် ၁
ဒေါ်နယ်ထရန့် သမ္မတအဖြစ် ပြန်လည် ရွေးကောက်ခံရပါက မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ နျူကလီးယား ဆွေးနွေးမှုတွေ ပြန်လည် စတင်ဖို့ ဆန္ဒရှိနေပြီး ညှိနှိုင်းရေးဗျူဟာ အသစ် တစ်ရပ် ရေးဆွဲဖို့ စီစဉ်နေကြောင်း မကြာသေးခင်က တောင်ကိုရီးယားသို့ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား အကြီးတန်း သံတမန်က ပြောကြားလိုက်ပါတယ်။
ကျူးဘားကနေ ရီအီဂျူ ထွက်ပြေးလွတ်မြောက်မှုကို ပြီးခဲ့တဲ့လက ကမ္ဘာတဝန်းမှာ သတင်းခေါင်းကြီးပိုင်းအဖြစ် ဖော်ပြခဲ့ကြတာပါ။
သူဟာ ၂၀၁၆ ခုနှစ် နောက်ပိုင်း တောင်ကိုရီးယားကို ထွက်ပြေးလာတဲ့ ရာထူးအမြင့်ဆုံး မြောက်ကိုရီးယား သံတမန် ဖြစ်ပါတယ်။
နိုင်ငံတကာ မီဒီယာနဲ့ ပထမဆုံး ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ အင်တာဗျူးမှာ ရီက မြောက်ကိုရီးယားဟာ ရုရှား၊ အမေရိကန်နဲ့ ဂျပန်တို့ကို အခုနှစ်နဲ့ အဲဒီထက် ကျော်လွန်တဲ့ကာလအတွက် သူတို့ရဲ့ သံတမန်ရေး ထိပ်တန်း ဦးစားပေးနိုင်ငံတွေ အဖြစ် သတ်မှတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားက ရုရှားနဲ့ ဆက်ဆံရေး တိုးမြှင့်ပြီး အမေရိကန် ရွေးကောက်ပွဲမှာ ထရန့် အနိုင်ရခဲ့ရင် နျူကလီးယား ဆွေးနွေးမှုတွေ ပြန်လည် စတင်ဖို့ ဆန္ဒရှိနေကြောင်းလည်း ရီက ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ မကြာသေးခင်က ထုတ်ပြန်ချက်တွေမှာ နျူကလီးယား ဆွေးနွေးပွဲ ဖြစ်နိုင်ခြေတွေကို ပယ်ချထားပြီး လက်နက်နဲ့ ထိပ်တိုက်ရင်ဆိုင်မယ့် သဘော တွေ့ရပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ ထရန့်တို့ကြား ၂၀၁၉ ခြနှစ်က ဗီယက်နမ်နိုင်ငံမှာ တွေ့ဆုံမှုကြောင့် အရေးယူ ပိတ်ဆို့မှုတွေပျက်ပြယ်ခဲ့ရပါတယ်။
ဒီလို ပျက်ပြယ်သွားခဲ့တာက ကင်ဂျုံအန်ဟာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ သံတမန်ရေးကို ကောင်းကောင်း နားမလည်လို့ ဖြစ်တယ်လို့ ရီက ပြောပါတယ်။
ဒီတစ်ကြိမ်မှာတော့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အပြည့်အဝ တာဝန်ယူပြီး ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ရီက ပြောဆိုပါတယ်။
ကင်ဂျုံအန်ဟာ ဂျပန်နဲ့လည်း ဆွေးနွေးဖို့ စီစဉ်ထားပြီး မြောက်ကိုရီးယားက ဖမ်းဆီးခဲ့တဲ့ ဂျပန်နိုင်ငံသားတွေ ကိစ္စနဲ့ ပတ်သက်လို့ လိုက်လျောမှုတွေ လုပ်ပေးပြီး စီးပွားရေး အကူအညီ တောင်းဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကလည်း အဲဒီကိစ္စနဲ့ ပတ်သက်လို့ ကင်ဂျုံအန်နဲ့ တွေ့ဆုံလိုကြောင်း အရင်က ပြောဆိုထားဖူးပါတယ်။
၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်တွေမှာ ဂျပန်နိုင်ငံသား ၁၇ ဦးကို မြောက်ကိုရီးယားက ဖမ်းဆီးခဲ့ပြီး သူတို့ထဲက ၅ ဦးပဲ ဂျပန်နိုင်ငံသို့ ပြန်ရောက်လာသေးပါတယ်။
Ref:Reuters