ကျိုက်ထို၊ ဇူလိုင် ၂၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ခြောက်ဦးသေဆုံးပြီး ၁၂ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇူလိုင် ၂၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ကျိုက်ထိုအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အ မြောက်တပ်က‌နေ တိုက်ပွဲဖြစ်ပွားရာ ကျောက်တန်းလေးကျေးရွာဘက်ကို လက်နက်ကြီး ပစ်ကူပေးရာကနေ ပျဉ်းကတိုးကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပျဉ်းကတိုးကုန်းဒေသခံတွေဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် မောင်စိုးထက်ပိုင်အပါအဝင် လူငယ်ခြောက်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးငါးဦးအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်ကတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုဟာ တိုက်ပွဲနဲ့မဆိုင်တဲ့ ကျေးရွာနေပြည်သူတွေကို ဦးတည်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဝေဖန်တာပါ။

အဲဒီနေ့ မနက်ပိုင်းက ပျဉ်းကတိုးကုန်းကျေးရွာနဲ့ ၅ မိုင်ထက်မနည်း ကွာဝေးတဲ့ ကျိုက်ထိုမြို့နယ် ကျောက်တန်းလေးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အလားတူ ဇူလိုင် ၂၂ ရက်နေ့ကလည်း သိမ်ဇရပ်ရဲစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ သွား ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သိမ်ဇရပ်ဒေသခံ အမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတဲ့ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူလူထူ ၁၂၀၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.