စစ်ကိုင်း၊ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က စစ်ရှောင်ကလေးငယ်တွေအတွက် စားနပ်ရိက္ခာအပြင်၊ ခြင်လိမ်းဆေးဘူးနဲ့ သွေးလွန်တုပ်ကွေး ဆေးဝါးတွေလိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကစလို့ ချင်းတွင်းမြစ်ကြောင်းတလျှောက်ကကျေးရွာတွေဟာ စစ်ဘေးရော ရေဘေးပါ ရှောင်နေရတာဖြစ်ပါတယ်။
“အညာက ရေဘေးရော စစ်ဒဏ်ရော ခံစားနေရတဲ့ပြည်သူလူထုတွေအတွက်လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ဓာတ်ဆားတွေကူညီပံ့ပိုးပေးကြရင်တော့ အကောင်းဆုံးအနေအထားတစ်ခုဖြစ်ပါတယ်” လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မချောစုဟန်ကသံလွင်တိုင်းမ်ကိုပြောပါတယ်။
စစ်ရှောင်ကလေးငယ်တွေမှာ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များတာကို တွေ့ရှိလာရတဲ့အတွက် ခြင်ဆေးလိမ်းဆေးဘူးတွေကိုလည်း ကူညီပေးဖို့ မချောစုဟန်က တောင်းဆိုထားပါတယ်။
ဇူလိုင် ၁၉ ရက်မှာ ကာကွယ်ရေးအဖွဲ့တွေက ဆားလင်းကြီးမြို့ကို တိုက်ခိုက်ပြီးတဲ့နောက် စစ်ကောင်စီက ကုန်းကြောင်းရေကြောင်း စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ ၂၀၀၀ ဝန်းကျင်ဟာ စစ်ဘေးတိမ်းရှောင်နေရတာပါ။
ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ကျေးရွာ ၄၁ ရွာရှိပြီး မြစ်ကြောင်းနဲ့ဆက်စပ်နေတဲ့ ပေါင်းဝ ကျေးရွာဟာ စစ်ကောင်စီဒဏ်ရော ရေဘေးဒဏ်ပါခံစားနေရတာပါ။
စစ်ကောင်စီတပ်သားတွေဟာ ပေါင်းဝကျေးရွာမှာတပ်ဆွဲထားပြီးတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးငယ်နှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ၅ ဦးမှာ ထိခိုက်ဒဏ်ရာရခဲ့တာတွေရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်မှာလည်း ညောင်ပင်ကြီးဘက်ကနေ ရွှေလှေဘက်သို့ အင်အား ၅၀ ပါစစ်ကောင်စီစစ်ကြောင်းဝင်ရောက်ခဲ့ပြီး လက်ဖက်ရည်ဆိုင်က ဒေသခံပြည်သူတွေကို ဓားစာခံလုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media