ဗီယက်ကျန်း၊ ဇူလိုင် ၂၂

အာဆီယံ အလှည့်ကျဥက္ကဌ လာအိုက ၂၇ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဇူလိုင် ၂၂ ရက်ကစလို့ ဗီယန်ကျန်းမြို့မှာ စတင်ကျင်းပကြောင်း ကြေညာပါတယ်။

နိုင်ငံပေါင်း ၃၁ နိုင်ငံက တစ်ထောင်ကျော်ရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုပေါင်း ၂၅ ခု ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ လာအို နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

အာဆီယံ အသိုက်အဝန်း အားကောင်းလာစေရေး၊ ၂၀၄၅ ခုနှစ်မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၊ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လာအို နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။

လာအိုက ၂၅ ကြိမ်မြောက် အာဆီယံအပေါင်း သုံးနိုင်ငံဖြစ်တဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုလည်း လက်ခံကျင်းပဖို့ ရှိနေပါတယ်။

အဲဒီသုံးနိုင်ငံ အပြင် အိန္ဒိယ၊ ရုရှား၊ နယူးဇီလန်နဲ့ အမေရိကန်တို့လည်း ပါဝင်တဲ့ ၃၁ ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ ဖိုရမ်ကိုလည်း လက်ခံ ကျင်းပဦးမှာပါ။

မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းရာမှာ အာဆီယံ ဥက္ကဌဟောင်း၊ လက်ရှိ ဥက္ကဌနဲ့ နောက်နှစ် ဥက္ကဌ ဖြစ်လာမယ့် နိုင်ငံတွေအပြင် မြန်မာ့အရေးကို ဖြေရှင်းလိုတဲ့ အခြားနိုင်ငံတွေနဲ့ ပူးပေါင်းပြီး အဖြေရှာရေး ထိုင်းက မကြာသေးခင်က အဆိုပြုထားပါတယ်။

ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို လာအိုကကြိုဆိုခဲ့ပြီး အင်ဒိုနီးရှား၊ မလေးရှားတို့နဲ့ ဆွေးနွေး အဖြေရှာသွားမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂကလည်း ထောက်ခံတဲ့ မြန်မာ့ပြဿနာ ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက အကောင်အထည် မဖော်နိုင်တာကြောင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြား သဘောထား ကွဲလွဲတာတွေ ရှိနေပါတယ်။

စစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက်ကို အကောင်အထည် ဖော်ပါ့မယ်လို့ ကတိပေးခဲ့ပြီးမှ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးကနေ စစ်ကောင်စီအနေနဲ့ အဲဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ဘယ်လိုမျိုး ဖိအားပေးလာမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref:Nova News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.