မော်လမြိုင်၊ ဇူလိုင် ၁၄

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အခုနှစ် နှစ်ဝက်အတွင်း အရပ်သားပြည်သူ ၁၃၀ ကျော် သေဆုံးခဲ့ရပြီး ၁၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာ၊ သေနတ်နဲ့ အ ကြောင်းမဲ့ပစ်ခတ်တာ၊ မိုင်းထောင်တာစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအကြိမ်ပေါင်း ၂၃၀၀ ထက်မနည်း ကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံ ကျူးလွန်တာတွေကြောင့် ဒေသခံပြည်သူ ၉၆ ဦး ဖမ်းဆီးခြင်းခံခဲ့ရပြီး ၁၃၄ ဦး သေဆုံးခဲ့ရကာ ၄၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။

ဒါ့အပြင် ဘုရားကျောင်း ၆ ကျောင်း၊ ဘုန်းကြီးကျောင်း ၂၃ ကျောင်း၊ စာသင်ကျောင်း ၁၄ ကျောင်း၊ ဆေးပေးခန်း ၂ ခန်း၊ ဆေးရုံ ၂ လုံးအပါအဝင် နေအိမ် ၁၀၂၄ လုံးထက်မနည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြည်သူ ၇ ဦး လမ်းပြပေါ်တာနဲ့ အတင်းအဓမ္မခိုင်းစေခြင်းကို ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီလို အရပ်သားပြည်သူလူထုအပေါ် စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိနဲ့ အ ကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ကာ ပြည်သူလူထုရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေကို ကျူးလွန်နေတဲ့အတွက် အာဏာသိမ်းကာလအတွင်း ထွက်ပြေးတိမ်းရှောင်ရသူ တစ်သန်းကျော်အထိ ရှိလာခဲ့တာပါ။

ဒါ့အပြင် ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ KNLA KNDO တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၁၈၂၇ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၉၀၃ ဦး သေဆုံးပြီး ၁၂၇၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ KNDO အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ၈၁ ဦး ကျဆုံးပြီး ၂၉၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.