ရေး၊ ဇူလိုင် ၁၀

မွန်ပြည်နယ် ရေးမြို့နယ် ကွမ်ကျိုက်ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ထံကနေ သိရပါတယ်။

မနေ့ ဇူလိုင် ၉ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က မော့ကနင်အခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းကနေ အင်အား ၅၀ ကျော်နဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့က သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။

အချိန် နှစ်နာရီနီးပါးကြာမြင့်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၂ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီဘက်က နောက်ထပ်အင်အား ၅၀ နီးပါး စစ်ကူရောက်ရှိလာတဲ့အတွက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ပြန်လည်ဆုတ်ခွာပေးခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မွန်ပြည်သစ်ပါတီ NMSP AD နဲ့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF (တောင်ညို) ပူးပေါင်းတပ်တို့က ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ နှစ်ဖက်တိုက်ပွဲအတွင်း ရွာသစ်ကျေးရွာ ဒေသခံတစ်ဦး ကျည်ရှပ်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ရွာသစ်ကျေးရွာအနီးပတ်ဝန်းကျင်မှာ ဆက်လက်တပ်စွဲထားပြီး ဒီကနေ့ ဇူလိုင် ၁၀ ရက်နေ့ နေ့လယ်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲ ပြန်လည် ဖြစ်ပွားတာ မရှိသေးဘူးလို့ သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာတော့ စစ်ကောင်စီဘက်က တပ်အင်အားတိုးချဲ့တာ၊ စစ်ကြောင်းထိုးတာ၊ လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ဆို့စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.