မိုးမိတ်၊ ဇူလိုင် ၁၀

ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းလေးခုကို ထပ်မံတိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင် ၉ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၉ ရက်နေ့က မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေဖြစ်တဲ့ သရက်တောတပ်စခန်းနဲ့ မိုင်တိုင် ၆ တပ်စခန်းတွေကို တအာင်းတပ်မတော်မှ သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေဖြစ်တဲ့ မိုင်တိုင် ၅ စခန်းနဲ့ ယောမူးတပ်စခန်းတွေကိုလည်း အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

တစ်ဖက်မှာလည်း နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်နဲ့ မိုးမိတ်စတဲ့ နေရာတွေမှာ TNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ အတွဲလိုက်ဒုံး အပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးမိတ်မြို့နယ်က အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့အပြင် ဘုန်းကြီးတစ်ပါးလည်း ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့ကလည်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းသုံးခုကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ တကျော့ပြန် “၁၀၂၇ စစ်ဆင်ရေး” ၁၅ ရက်တာကာလအတွင်း ရှမ်းမြောက်နဲ့ မန္တလေးတိုင်းက စစ်ကောင်စီရဲ့တပ်စခန်းပေါင်း ၇၀ ကျော်ကို TNLA ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.