ဝါရှင်တန်၊ ဇူလိုင် ၃

ယူကရိန်းအတွက် လုံခြုံရေးဆိုင်ရာ အကူအညီ ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ထပ်မံပေးအပ်မယ့် အစီအစဉ်ကို မကြာခင် ကြေညာသွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုင်း အော်စတင်က ဇူလိုင် ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်က ထပ်မံပေးပို့မယ့် အကူအညီတွေမှာ သံချပ်ကာ ကားဖျက် လက်နက်တွေ၊ ကြားဖြတ်ပစ်ချရေး လက်နက်တွေ၊ Patriot စနစ်နဲ့ အခြား လေကြောင်းရန် ကာကွယ်ရေးစနစ်တွေအတွက် ခဲယမ်းမီးကျောက်တွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်မှာ ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရူစတန် အူမာရော့နဲ့ တွေ့ဆုံချိန်မှာ ဝန်ကြီး အော်စတင်က အခုလိုမျိုး ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

စုစုပေါင်း အကူအညီထဲက ဒေါ်လာ သန်း ၁၅၀ ဟာ အမေရိကန်သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာ PDA အစီအစဉ်နဲ့ပေးမှာ ဖြစ်ပြီး လက်ကျန် အကူအညီကို ယူကရိန်း လုံခြုံရေးဆိုင်ရာ ကူညီပေးရေး အစီအစဉ် USAI နဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

PDA အစီအစဉ်အရ ပင်တဂွန်အနေနဲ့ သူတို့ သိမ်းဆည်းထားတဲ့ လက်နက်တွေထဲက ယူကရိန်းသို့ လက်နက်တွေ အလျင်အမြန် ပေးပို့ခွင့်ရှိပြီး USAI အစီအစဉ်အရ လက်နက်တွေကို ရေရှည်စာချုပ်နဲ့ ပေးပို့မှာ ဖြစ်ပါတယ်။

ဒီကနေ့ ရုရှားရဲ့ ရန်စမှုတွေကို ပြန်တွန်းလှန်ဖို့နဲ့ နောက်တစ်နေ့ ရုရှားရဲ့ ရန်စမှုတွေကို တားဆီးဖို့ ယူကရိန်း လိုအပ်နေတဲ့ အကူအညီတွေကို လက်တွဲဖော် နိုင်ငံပေါင်း ၅၀ နဲ့ အတူ မိမိတို့ ဆက်လက်ပေးအပ်သွားမှာ ဖြစ်ကြောင်း ဝန်ကြီး အော်စတင်က ပြောကြားထားပါတယ်။

ယူကရိန်းက စစ်ရေးအကူအညီ ရရှိရေး ဆက်လက် တွန်းအားပေးနေပြီး နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းနေချိန်နဲ့ အမေရိကန်က မြို့တော် ဝါရှင်တန်မှာ နေတိုးညီလာခံကို လက်ခံကျင်းပတော့မယ့် အချိန်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းတစ်ပတ်တည်းမှာတင် ရုရှားက ယူကရိန်းမှာ အင်အားပြင်းထန်တဲ့ ဗုံးအလုံးရေ ၈၀၀ ကြဲချခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို အနောက်တိုင်း လက်နက်တွေ အသုံးပြုပြီး မတိုက်ခိုက်ရဆိုတဲ့ တားမြစ်ချက်ကို ရုတ်သိမ်းပေးဖို့ သမ္မတ ဇီလန်စကီးက နိုင်ငံတကာခေါင်းဆောင်တွေကို တိုက်တွန်းထားပါတယ်။

ယူကရိန်းအနေနဲ့ ရုရှား တိုက်လေယာဉ်တွေ အပါအဝင် အားပြင်းတဲ့ ဗုံးတွေ သယ်ဆောင်လာတဲ့ လေယာဉ်တွေကို ဘယ်နေရာမှာပဲဖြစ်ဖြစ် ဖျက်ဆီးပစ်နိုင်ဖို့ လိုအပ်တယ်လို့ သမ္မတ ဇီလန်စကီးက ဆိုပါတယ်။

အခုနောက်ဆုံး ပေးပို့မယ့် အကူအညီ ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ အပါအဝင် ရုရှားက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း အမေရိကန်က ယူကရိန်းကို ပေးထားတဲ့ အကူအညီ တန်ဖိုးဟာ ဒေါ်လာ ၅၃ ဒသမ ၅ ဘီလီယံ ရှိလာပြီ ဖြစ်ပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.