မော်လမြိုင် ဇူလိုင် ၂

ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) မှ သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်မှာ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့ပါတယ်။ DMG သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က စစ်တွေမြို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာဖြစ်ပြီး အဲဒီနောက်မှ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို ဆက်တိုက်ဆိုသလို ဖမ်းဆီးလိုက်တာလည်းဖြစ်ပါတယ်။

အခုလိုမျိုး ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့ခြင်းမရှိခဲ့တဲ့ သတင်းထောက်နဲ့ ရုံးဝန်ထမ်းတွေကို ထောင်ဒဏ် နှစ်ရှည်ချမှတ်လိုက်တာကို ကန့်ကွက်ရှုတ်ချတယ်လို့ နိုင်ငံတကာမြန်မာသတင်း Burma News International – BNI က ဇူလိုင် ၁ ရက် ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

BNI ရဲ့ မူဝါဒရေးရာ ကော်မတီဥက္ကဌ ဦးကိုကိုဇော်ကတော့ သတင်းသမားတွေကို ရာဇဝတ်ပြစ်မှုတွေနဲ့ အရေးယူလိုက်တာဟာ သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိိုးဖောက်မှုဖြစ်ပြီးတော့ စွဲချက်တင်တဲ့ ဥပဒေနဲ့ ချမှတ်တဲ့ပြစ်ဒဏ်ဟာ လုံးဝတရားမျှတမှုမရှိဘူးလို့ ဆိုပါတယ်။

ကိုထက်အောင်နဲ့ ကိုစိုးဝင်းအောင်တို့ကို ဖမ်းဆီးထားတဲ့အချိန်မှာ စစ်ကြောရေးကို ပို့ဆောင်ခဲ့တဲ့အပြင် ဆက်သွယ်ရေးပုဒ်မ၊ ဆိုင်ကယ်ခိုးမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေ တပ်ပြီး စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် DMG မီဒီယာက အယ်ဒီတာနဲ့ သတင်းထောက်တွေအပါအဝင် အခြားဝန်ထမ်း ၁၈ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ပြန်ထားပါတယ်။

BNI ရဲ့ မီဒီယာ ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌ မအားမီက “စစ်ကောင်စီက အခုလိုလုပ်တာက သတင်းအမှောင်ချဖို့အတွက် လွတ်လပ်တဲ့ သတင်းဌာနတွေ သတင်းတိုက်တွေကို ပိတ်ပစ်တာ၊ သတင်းထောက်တွေကို ဖမ်းတာ၊ ဖမ်းပြီးလို့ရှိရင်လည်း သူတို့စွပ်စွဲချင်တဲ့ ပုဒ်မတွေ တပ်ချင်တဲ့ ပုဒ်မတွေတပ်ပြီးတော့ မတရားနှစ်ရှည်ထောင်ဒဏ်တွေ ပြစ်ဒဏ်တွေချမှတ်တာကို နောက်ပိုင်းမှာတွေ့လာရပါတယ်။ ရာဇဝတ်သမားမဟုတ်တဲ့ သတင်းထောက်တွေကို ရာဇဝတ်မှုတွေဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီက သူတို့တောက်လျှောက်ချိုးဖောက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖုံးကွယ်ချင်လို့ အခုလို လုပ်ဆောင်နေတယ်ဆိုတာ အသိသာကြီးပါပဲ” လို့ မှတ်ချက်ပေးပါတယ်။

ရခိုင်အခြေစိုက် နောက်ထပ် မီဒီယာတစ်ခုဖြစ်တဲ့ နိရဉ္စရာသတင်းဌာနမှ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကိုလည်း ဆက်သွယ်ရေးပုဒ်မအပါအဝင် ပုဒ်မ ၃ ခုနဲ့ စွဲဆို ဝရမ်းထုတ်ထားပြီး အခြားသတင်းသမား ၁၀ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားတဲ့အတွက် အဲဒီသတင်းသမားတွေဟာ သတင်းလုပ်ငန်းတွေကို တိမ်းရှောင်ရင်း ဆက်လက်လုပ်ကိုင်နေရတယ်လို့ အခုထုတ်ပြန်ချက်ထဲမှာ BNI က ဖော်ပြပါတယ်။

သူက ဆက်ပြီး “စစ်ကောင်စီက ကချင်နဲ့ ရခိုင်လိုမျိုး တိုင်းရင်းသားဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို ဖုံးကွယ်ထားချင်တဲ့အတွက် သတင်းသမားတွေကို ခြိမ်းခြောက်တယ်၊ ဖမ်းဆီးတယ်၊ အကြောက်တရားတွေသွင်းတယ်၊ ထောင်ချတယ်၊ စတာမျိုးတွေကို ဆက်တိုက်လုပ်ပြနေပါတယ်။ ကျမတို့သတင်းထောက်တွေအနေနဲ့ အလုပ်တွေမလုပ်ရဲတော့အောင် ရပ်တန့်သွားအောင် ခြိမ်းခြောက်ပြနေတယ်လို့ မြင်ပါတယ်” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အခုလို သတင်းသမားတွေအပေါ် ထောင်ဒဏ် နှစ်ရှည်ချမှတ်တာအပြင် မြန်မာနိုင်ငံတဝန်းလုံးမှာ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်မှုနဲ့ သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့၊ ဖမ်းဆီးထားတဲ့ သတင်းသမားတွေကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ BNI ရဲ့ ထုတ်ပြန်ချက်ထဲမှာ တောင်းဆိုထားပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.