ဆိုးလ်၊ ဇူလိုင် ၂

အလေးချိန် ၄ ဒဿမ ၅ တန်ရှိ စူပါဆိုဒ် အရွယ်အစားကြီးမားတဲ့ ထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည် အသစ်တစ်မျိုးကို ဇူလိုင် ၁ ရက်မှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ KCNA ဇူလိုင် ၂ ရက်မှာ ဖော်ပြပါတယ်။

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားက ကနဦးမှာ ပြောကြားခဲ့ပြီး ဒုတိယဒုံးကျည်ဟာ ပစ်လွှတ်ပြီး မကြာခင် ပေါက်ကွဲသွားတာကြောင့် ပစ်လွှတ်မှု မအောင်မြင်ဖြစ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

KCNA သတင်းမှာတော့ ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့သလားဆိုတာကို အသေအချာ ဖော်ပြမထားဘဲ ပစ်လွှတ်မှုကို တစ်စင်းတည်းပုံစံမျိုး ရေးသား ဖော်ပြထားပါတယ်။

Hwasongpho-11 Da-4.5 လို့ နာမည်ပေးထားတဲ့ ပဲ့ထိန်းဒုံးကျည် အသစ်ကို လမ်းကြောင်း တည်ငြိမ်မှုနဲ့ တိကျသေချာမှု အတည်ပြုနိုင်ရေး စမ်းသပ် ပစ်လွှတ်ရာမှာ အောင်မြင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်နှစ်စင်းမှာ တစ်စင်းဟာ ပြုံယမ်းမြို့နဲ့ မဝေးတဲ့ ကွင်းပြင်တစ်ခုထဲ ကျဆင်းသွားခဲ့တာကြောင့် အခု သတင်းဖော်ပြမှုဟာ လိမ်လည်မှုဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား စစ်ဦးစီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး လီဆောင်ဂျွန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကုန်းတွင်းပိုင်းမှာ ပစ်ခတ်စမ်းသပ်တယ်ဆိုတာ အရမ်းကို ရှားပါးပြီး မြောက်ကိုရီးယားက အောင်မြင်တယ်လို့ ပြောတာဟာ လိမ်ပြောတာ ဖြစ်နိုင်ပါတယ်လို့ သူက ပြောထားတာပါ။

တောင်ကိုရီးယား စစ်တပ်ကလည်း ဇူလိုင် ၂ ရက် မနက်ပိုင်းက နှစ်နိုင်ငံ နယ်စပ်အနီးမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့သေးတယ်။

မြောက်ကိုရီးယားက အမှိုက်တွေနဲ့ အညစ်အကြေးတွေ ပါဝင်တဲ့ မိုးပျံ ဘောလုံးတွေကို တောင်ကိုရီးယားဘက်သို့ ပို့ဆောင်ခဲ့တဲ့အတွက် နှစ်ဖက်စစ်ရေး သဘောတူညီမှုကို ဆိုင်းငံ့ထားလိုက်ပြီးနောက်မှာ နယ်စပ်အနီး လက်တွေ့ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တောင်ကိုရီးယားက ပြန်စခဲ့တာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.