နေပြည်တော် ၊ ဇူလိုင် ၃

တိုင်းရင်းသားအင်အားကြီး နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီရဲ့ ပါတီဆက်လက်တည်ထောင်ခွင့်အတွက် မှတ်ပုံတင်လျှောက်ထားမှုကို စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်ပါတယ်။

စစ်ကောင်စီ ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ရခိုင်အမျိုးသားပါတီက ၂၀၂၃ ခုနှစ် မတ် ၂၀ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တာပါ။

ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်က ရခိုင်အမျိုးသားပါတီကို တစ်နှစ်ကျော်ကြာတဲ့အထိ နိုင်ငံ ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် မချပေးဘဲ အခုနှစ် ဇူလိုင် ၁ ရက်နေ့မှာတော့ မှတ်ပုံတင်လျှောက် ထားခွင့်ကို ပယ်ချခဲ့ပါတယ်။

စစ်ကောင်စီ အကြောင်းပြတာက ရခိုင်အမျိုးသားပါတီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၇ ပါ ပြဌာန်းချက်တွေနဲ့ ညီညွတ်မှုမရှိကြောင်း တွေ့ရှိရတဲ့အတွက် ပါတီမှတ်ပုံတင် နည်းဥပဒေပါ ပုံစံ ဆ နဲ့ ငြင်းပယ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ မှာတော့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းဖြစ် ကြေညာခံရတဲ့အဖွဲ့အစည်း၊ နိုင်ငံတော်ကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ သောင်းကျန်း သူအဖွဲ့အစည်း ဒါမှမဟုတ် အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တယ်လို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်သွယ်တာ အားပေးကူညီတဲ့ အဖွဲ့အစည်းစတာတွေကို နိုင်ငံရေးပါတီအဖြစ် လျှောက်ထားခွင့် မရှိစေရဘူးလို့ ဆိုပါတယ်။

ပါတီမှတ်ပုံတင်ခွင့် ငြင်းပယ်ခံရတာနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှကို သံလွင်တိုင်းမ်က သုံးကြိမ်ထက်မနည်း တယ်လီဖုန်းခေါ်ဆိုခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

ရခိုင်အမျိုးသားပါတီကနေ ရွေးကောက်ပွဲနှစ်ကြိမ်ဆက် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့တဲ့ ဝါရင့်နိုင် ငံရေးသမား ဦးဖေသန်းကတော့ လက်ရှိပါတီမှာ ဦးဆောင်နေသူတွေနဲ့သာ မှတ်ပုံတင်ထားတာဖြစ်တဲ့အတွက် ပါတီနဲ့လူကို ခွဲမြင်သင့်တယ်လို့ ထောက်ပြပါတယ်။

“လူနဲ့ပါတီကို ခွဲမြင်ရမယ်။ ပါတီကတော့ ပါတီ။ လူကတော့ ဒီနေ့ လုပ်နေတဲ့လူ။ ဗဟိုမှာစပြီး မှတ် ပုံတင်နေတဲ့လူ။ အဲဒီကစပြီး ဗဟိုရော၊ ခရိုင်ရော၊ မြို့နယ်ရော၊ ရပ်ကွက်ရော အဲဒီလို ဖွဲ့စည်းသွားမှာဖြစ်တဲ့အတွက် သူတို့ ရဲ့ (UEC) သတ်မှတ်ထားတဲ့ ဘောင်ထဲမှာရှိနေရင် ဒါအလုပ်ဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ လူတွေကိုလှိမ့်ပြီး အပြစ်ရှာနေလို့ကတော့ ပါတီကို ဖျက် သိမ်းမယ်။ ဖျက်သိမ်းဖို့ လုပ်တယ်။ မှတ်ပုံတင်ခွင့် မပြုဘူးဆိုတာ လွှဲမှားနေတယ်လို့ပဲ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့် တစ် နိုင်ငံလုံးအတိုင်းတာနဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာ စတုတ္ထအများဆုံး အနိုင်ရထားတဲ့ တိုင်းရင်း သားအင်အားကြီး နိုင်ငံရေးပါတီတစ်ခုပါ။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၂၆ ရက်နေ့မှာ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ကနေ ပြန်လည်ပြ ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ကန့်သတ်ချက်တွေကြောင့် ပြည်နယ်အဆင့် စည်းရုံးမယ့်ပါတီအဖြစ် မှတ်ပုံတင်ခဲ့တာပါ။

အလားတူ ရခိုင်အမျိုးသားပါတီလိုပဲ မွန်ပြည်နယ်မှာ စည်းရုံးမယ့်ပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ မွန်ညီညွတ်ရေးပါတီကလည်း တစ်နှစ်ကျော်ကြာတဲ့အထိ ရွေးကောက်ပွဲကော်မရှင်ကနေ ပါတီမှတ်ပုံတင် မချပေးရသေးပါဘူး။

လက်ရှိမှာ စစ်ကောင်စီခန့် ရွေး‌ကောက်ပွဲကော်မရှင်က တည်ဆဲနိုင်ငံရေးပါတီ ၄၇ ပါတီကို မှတ်ပုံ တင်ချပေးထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် ပါတီ ၄၀ ကိုတော့ စစ်ကောင်စီ ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ဖျက်သိမ်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.