လောင်းလုံး၊ ဇူလိုင် ၂
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ပန္ဒလဲကျေးရွာထဲ စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇူလိုင် ၁ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က သဲပုံတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ တိုက်ပွဲမရှိဘဲ ပန္ဒလဲကျေးရွာထဲကို လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့ပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပန္ဒလဲကျေးရွာနေ အသက် ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးခဲ့တာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီနေ့ မနက်ပိုင်းက ပန္ဒလဲကျေးရွာလမ်းပိုင်းမှာ တော်လှန်ရေးအင်အားစုအဖွဲ့ တွေက စစ်ဆေးမှုတွေ ပြုလုပ်ပြီး ပြန်လည်ထွက်ခွာသွားချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ညနေပိုင်းလောက်မှာ ရွာထဲပြန်ဝင်လာကြတယ်လို့ သိရပါတယ်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်ဖွဲ့တွေကလည်း လောင်းလုံးမြို့နယ်မှာ လုံခြုံရေးအရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ကလည်း လောင်းလုံးမြို့ က ရပ်ကွက်ထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media