မိုးကုတ်၊ ဇူလိုင် ၂

မန္တလေးတိုင်း မိုးကုတ်မြို့နယ် အနောက်ပိုင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၅ ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း ၄၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တအာင်းတပ်မတော် TNLA၊ PDF မိုးကုတ်ဗျူဟာ နဲ့ PDF 513 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ မိုးကုတ်မြို့ တစ်ပတ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီထံမှ ရဲနှစ်ဦးအပါအဝင် စစ်သုံ့ပန်း ၁၅ ဦးနဲ့ လက် နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေမှာ MA1 တစ် လက်၊ MA2 သုံး လက်၊ MA3 ငါး လက်၊ MA10 နှစ်လက်၊ MA11 သုံးလက်၊ MA16 တစ်လက်၊ MG-64 တစ် လက်၊ ၆၀ မမ နှစ်လက်၊ ၈၁ မမ တစ် လက်၊ RPG-7 နှစ်လက်၊ G3 ကိုးလက်နဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီရဲ့ စကခ ၁ ၊ ခမရ ၁၁၄ ၊ ၁၁၅ နဲ့ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းတွေကိုလည်း TNLA၊ DPLA၊ MDY-PDF တို့က ပူးပေါင်းတိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက်တွေအရ တကျော့ပြန် စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၅ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားပြီး တပ်စခန်း ၃၀ ကျော် သိမ်း ပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.