ဘီးလင်း၊ ဇူလိုင် ၂

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ ဘုရင့်နောင်ရပ်ကွက်မှာ ဇူလိုင် ၁ ရက်နေ့ ည ၇ နာရီအချိန်ခန့်က နယ်ထိန်းရဲတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အရက်ဆိုင်ကနေ တောင်စွန်းရဲစခန်းကို လမ်းလျှောက်ပြန်လာတဲ့ နယ်ထိန်းရဲတပ်ကြပ် ဇော်မင်းထွန်းကို အမည်မသိ သေနတ်သမားနှစ်ဦးက ဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် နယ်ထိန်းရဲ ဇော်မင်းထွန်းဟာ လက်မောင်းကျည်ထိမှန်ဒဏ်ရာရရှိပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

နယ်ထိန်းရဲ ပစ်ခတ်ခံရပြီးနောက် တောင်စွန်းရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ တောင်စွန်းကျေးရွာအတွင်း ဝင်ရောက်ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပစ်ခတ်ခံရတဲ့ နယ်ထိန်းရဲ ဇော်မင်းထွန်းဟာ လက်ရှိမှာတော့ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၆ ရက်နေ့ကလည်း တာဝန်ကျရာ လျှပ်စစ်ရုံးကနေ နေအိမ်ကို ဆိုင်ကယ်နဲ့တစ်ဦးတည်း ပြန်လာတဲ့ တောင်စွန်းနယ်မြေရဲစခန်းက ရဲတပ်ကြပ်ကြီးတင်လှ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.