မော်လမြိုင်၊ ဇူလိုင် ၃

အိမ်ရာချေးငွေတွေကို သတ်မှတ်ချက်ထက် ကျော်လွန်ပြီး ထုတ်ချေးထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဂ္ဂလိကဘဏ်တွေအပေါ် စစ်ကောင်စီရဲ့ အရေးယူမှုတွေကြောင့် ဘဏ်တွေပြိုလဲလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ထောက်ပြပါတယ်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်ခုနှစ်ခုဟာ အကျိုးအမြတ် ပိုမိုရရှိစေဖို့အတွက် ဗဟိုဘဏ်ရဲ့ ညွှန် ကြားချက်ကို ကျော်လွန်ဖောက်ဖျက်ပြီး အိမ်ရာချေးငွေ အများအပြား ထုတ်ချေးတာကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် အရေးယူသွားမယ်လို့ ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။

အဲဒီဘဏ်တွေမှာ နာမည်ကြီး လူသိများတဲ့ ရိုးမဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာမက်ထရိုဘဏ်နဲ့ ဆောက်လုပ်ရေး၊ အိမ်ရာနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်တို့ ပါဝင်ပါတယ်။

အရေးယူသွားမယ့် ပုဂ္ဂလိကဘဏ်ခုနှစ်ခုဟာ အိမ်ရာချေးငွေကို ဗဟိုဘဏ် သတ်မှတ်ချက်ထက် အနည်းဆုံး ၀ ဒသမ ၃၉ ရာခိုင်နှုန်းကနေ အများဆုံး ၁၆ ဒသမ ၃၄ ရာခိုင်နှုန်းအထိ ထုတ်ချေးပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အဲဒီဘဏ်ခုနှစ်ခုကို မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၅၄ အရ ဥပဒေနဲ့အညီ ထိရောက်တဲ့ ဒဏ်ကြေးပေးဆောင်စေရမယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ကြောင့် ပြည်သူတွေအနေနဲ့ ဘဏ်တွေကို ယုံကြည်မှုမရှိတော့ဘဲ ငွေကြေးတွေ ဝိုင်းထုတ်ပါက ဘဏ်တွေပြိုလဲလာနိုင်ပြီး စီးပွားရေးတစ်ခုလုံးအပေါ် ထပ်မံရိုက်ခတ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အဖြစ်နိုင်ဆုံးကတော့ ဒီဘဏ်တွေကနေပြီးတော့ ဝိုင်းထုတ်ကြမယ်ပေါ့။ ဝိုင်းထုတ်တယ်ဆိုရင် ဗဟိုဘဏ်က ထောက်ပံ့မပေးနိုင်ဘူးဆိုရင်တော့ ဘဏ်တွေပြိုနိုင်တာပေါ့။ ဒီဘဏ်တွေ ငွေရေး ကြေးရေးအဖွဲ့အစည်းတွေ ပြိုတာက တခြားကုမ္ပဏီပြိုတာနဲ့ မတူဘူး။ ဒီဟာကတကယ့်ကို စီးပွား ရေးတစ်ခုလုံးကို လာပြီးတော့ ရိုက်ခတ်လာနိုင်တယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ပုဂ္ဂလိကဘဏ်တွေကို စစ်ဆေးကြီးကြပ်ကွပ်ကဲရန် အားနည်းခဲ့တဲ့ ဗဟိုဘဏ်ရဲ့ တာဝန်ရှိသူတွေကိုလည်း စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

အခုလို ပုဂ္ဂလိကဘဏ်တွေအပေါ် ဗဟိုဘဏ်ရဲ့ ကြီးကြပ်မှုအားနည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အ ရေးယူမှုကို အများပြည်သူသိရှိအောင် ထုတ်ပြန်တာဟာ စစ်ကောင်စီအနေနဲ့ ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်တာလို့ စီးပွာရေးပညာရှင်တစ်ဦးက ဝေဖန်ပါတယ်။

“မြန်မာပြည်မှာလည်း ဒီလိုမျိုးတွေက အရင်တုန်းကတည်းက အရေးယူပါတယ်။ ဒါမျိုးတွေ ကြီး ကြပ်တယ်။ အရေးယူတယ်။ အဲဒီလိုမျိုး အရေးယူတာတွေရှိတယ်။ ဒါပေမယ့် အများပြည်သူကို မထုတ်ပြန်ဘူး။ ဘာရည်ရွယ်ချက်နဲ့ အများပြည်သူကို ထုတ်ပြန်လိုက်လဲတော့ မသိဘူး။ အမှန်ကတကယ့် ထိလွယ်ရှလွယ် အချိန်ကြီး အဲဒီလိုဖြစ်နေတဲ့ အချိန်ကြားထဲမှာ ဘဏ်တွေကို ထပ်ပြီးတော့ ဒီလိုသတ်လိုက်တာတော့ ကိုယ့်လည်ပင်းကို ပြန်ကြိုးကွင်းစွပ်တဲ့သဘော ဖြစ်နေတယ်”လို့ ဆိုပါတယ်။

ပုဂ္ဂလိကဘဏ်တွေအပေါ် စစ်ကောင်စီရဲ့အရေးယူမှုကြောင့် ပြည်သူတွေအနေနဲ့ ယုံကြည်မှုကျဆင်းလာပါက နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ဖြစ်ပေါ်လာနိုင်သလို အာဏာသိမ်းကာလစ ဘဏ်တွေရဲ့ အခြေအနေကို ပြန်လည်ရောက်ရှိလာနိုင်ပါတယ်။

နိုင်ငံတကာမှာတော့ လက်ရှိစီးပွားရေးလုပ်ငန်းတွေအပြင် ပို့ကုန်သွင်းကုန်ကဏ္ဍတွေ ငွေရေးကြေး ရေးပေးဆောင်တဲ့ ကဏ္ဍတွေကအစ ဘဏ်စနစ်နဲ့ သွားနေချိန်မှာ အခုလိုဘဏ်တွေကို အရေးယူပြီး အများပြည်သူကို ချပြလိုက်တာဟာ ဘဏ်တွေအပေါ် ယုံကြည်မှုကင်းမဲ့စေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေးတိုးတက်နှုန်း ရပ်တန့်လာပြီး ဆင်းရဲမွဲတေမှု ပိုပိုဆိုးရွားလာကာ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ အလုပ်လက်မဲ့နှုန်း ဆက်လက်မြင့်တက်နေဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့မှာ သတိပေးထားပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်အစမှာ နိုင်ငံ့လူဦးရေရဲ့ ၃၂ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးတဲ့ အခြေအနေကို ရောက်ရှိလာတာကြောင့် ၂၀၁၅ ခုနှစ်က မြင်တွေ့ခဲ့တဲ့ အခြေအနေကို ပြန်လည်ကျရောက်သွားပြီလို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.