ကျောက်မဲ၊ ဇူလိုင် ၃

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့တွေမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူသုံးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဇူလိုင် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ ရပ်ကွက် ၈ က အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် အဲ့ဒီနေ့ ည ၆ နာရီခွဲအချိန်ခန့်မှာလည်း သီပေါမြို့ စံဖိတ်ကွက်သစ်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးသုံးဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲစတင်ခဲ့တဲ့ ၆ ရက်အတွင်း စစ်ကောင်စီတပ်က အင်အားပြင်း လက်နက်ဖြစ်တဲ့ ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ရှမ်းမြောက် မြို့နယ်တွေက အရပ်သားပြည်သူ ၂၅ ဦးသေဆုံးခဲ့ပြီး ၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၅၀ နီးပါး ပျက်စီးခဲ့တယ်လို့ TNLA က ထုတ် ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့ကလည်း ကျောက်မဲမြို့ ရပ်ကွက် ၈ မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.