မော်လမြိုင် ၊ ဇူလိုင် ၂

စစ်အာဏာသိမ်းချိန်ကနေ အခုနှစ်ဇွန်လကုန်အထိ တစ်နိုင်ငံလုံးရှိ ဒေသအသီးသီးမှာ ပုံစံမျိုးစုံနဲ့ ဖမ်းဆီးချုပ်နှောင်ခံရပြီး သတ်ဖြတ်ခံရသူပေါင်း ၁၈၅၀ ကျော် ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းမှုအတွင်း စစ်အုပ်စုဘက်က နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူများစွာကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီးခဲ့တာလို့ ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ AAPP ရဲ့ “သံတိုင်နောက်မှ ပြန်လမ်းမဲ့သူများ”ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အစီရင်ခံစာအရ ဖမ်းဆီးခံရသူတွေဟာ စစ်အုပ်စုရဲ့ လက်အောက်ခံ ရဲစခန်းတွေ စစ်ကြောရေးစ ခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ ချုပ်နှောင်ခံရပြီး ရုပ်ပိုင်း၊စိတ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်ခံနေရတာလို့ ဆိုပါတယ်။

လူ့ဂုဏ်သိက္ခာကို မငဲ့ကွက်ပဲ ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းတွေနဲ့ စစ်ဆေးမေးမြန်းမှုတွေရဲ့ နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုတွေကို စစ်အုပ်စုက တာဝန်ယူမှု တာဝန်ခံမှုကင်းမဲ့စွာ ကျုးလွန်နေဆဲလို့ AAPP ရဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို အကြမ်းဖက်နည်းလမ်းမျိုးစုံသုံးပြီး သတ်ဖြတ်မှုတွေထဲမှာ အကျဉ်း ထောင်ပြောင်းရွှေ့စဉ် ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကိုလည်း ပိုမိုကျူးလွန်နေတာပါ။

AAPP ရဲ့ မှတ်တမ်းအရ သတ်ဖြတ်ခံရသူတွေထဲမှာ ရဲစခန်းတွေအတွင်း ၃၀ ဦး၊ စစ်ကြောရေးတွေအတွင်း ၁၃၁ ဦး၊ အကျဉ်းထောင်တွေအတွင်း ၉၇ ဦး သေဆုံးခဲ့သလို ထိန်းသိမ်းထားစဉ် ညှင်းပန်းနှိပ်စက်မှုကြောင့် ၈၇ ဦးနဲ့ လုံလောက်တဲ့ ဆေးကုသခွင့် မရရှိတဲ့အတွက် ၆၃ ဦး သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ တရားဝင်ထိန်းသိမ်းရေးစခန်းတွေရဲ့ သံတိုင်နောက်ကွယ်က သေဆုံးမှုမှာတော့ အခုအရေအတွက်ထက် ပိုမိုများပြားနိုင်ပြီး နစ်နာခံစားရသူတွေအနေနဲ့ တရားမျှတမှုနဲ့ အလှမ်းဝေးနေဆဲလို့ AAPP က ထောက်ပြပါတယ်။

တစ်ဘက်မှာတော့ နိုင်ငံရေးအကျဉ်းသား ၉၂၀၀ ကျော်ဟာ လူငယ်သင်တန်းကျောင်းတွေနဲ့ အ ကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရပြီး အာဏာပိုင်တွေရဲ့ နည်းလမ်းမျိုးစုံ ဖိနှိပ်မှုကို ခံနေရတဲ့အတွက် ထုတ်ဖော်ပြောဆိုခွင့် ပျောက်ဆုံးကာ အစအနပျောက်သူတွေလည်း ရှိနေတာပါ။

ဒါကြောင့် ကျူးလွန်မှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှု ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိရောက်စွာ အရေးယူဖို့ နစ်နာခံစားရသူတွေကို စနစ်တကျ ပြန်လည်ကုစားနိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းကို AAPP က တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Human Right

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.