ဘန်ကောက်၊ ဇွန် ၂၉

မြန်မာစစ်ကောင်စီအတွက် လက်နက်ဝယ်ယူနိုင်ရေး ငွေလွှဲပြောင်းပို့ဆောင်မှုတွေ လုပ်လို့ရအောင် ကူညီပေးခဲ့တာ မရှိဘူးလို့ ထိုင်းဘဏ်လုပ်ငန်းများအဖွဲ့ TBA က ဇွန် ၂၈ ရက်မှာ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ထိုင်းဘဏ်တွေအနေနဲ့ ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ရာမှာ အသုံးပြုမယ့် လက်နက်တွေ ဝယ်ယူတဲ့နေရာမှာ သူတို့ရဲ့ ဝန်ဆောင်မှုတွေ အသုံးချမခံရရေး ကြိုတင်ကာကွယ်ဖို့ အရေးကြီးကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးလေ့လာသူ တွမ် အန်ဒရူးရဲ့ အစီရင်ခံစာကို ထိုင်းဘဏ်တွေက အခုလိုမျိုး တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အရေးယူပိတ်ဆိုထားမှုတွေကို ရှောင်ရှားပြီး လက်နက်တွေ ဘယ်လို ဝယ်ယူလို့ ရနေကြောင်း အန်ဒရူးရဲ့ အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြထားပါတယ်။

မြန်မာစစ်ကောင်စီက လက်နက်တွေဝယ်ယူရေး ငွေလွှဲပြောင်းပို့ဆောင်မှု ပြုလုပ်ရာမှာ နိုင်ငံတကာဘဏ် ၁၆ ခုဟာ သိသိကြီးနဲ့ ဒါမှမဟုတ် အခြားအကြောင်းရင်းတွေကြောင့် ကူညီပေးခဲ့ကြောင်း အစီရင်ခံချက်မှာ ဖော်ပြပါရှိပါတယ်။

မြန်မာစစ်တပ်က လက်နက်တွေ ဝယ်ယူရာမှာ ထိုင်းနိုင်ငံရှိ ဘဏ် ၅ ခုက ငွေလွှဲပေးနိုင်အောင် ကူညီပေးခဲ့ကြောင်း အထူးကိုယ်စားလှယ် အန်ဒရူးက ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာဖော်ပြထားတဲ့ ထိုင်းဘဏ်တွေကတော့ Siam Commercial Bank (SCB)၊ Bangkok Bank၊ Kasikornbank၊ Krungthai Bank နဲ့ TMB Thanachart Bank တို့ဖြစ်ပါတယ်။

အထူးသဖြင့် SCB ဘဏ်ဟာ ၂၀၂၃ ခုနှစ်မှာ ငွေလွှဲပြောင်းပေးမှု ဒေါ်လာ ၅သန်း ရှိခဲ့ရာက ၂၀၂၄ မတ်လမှာ အဆုံးသတ်တဲ့ ဘဏ္ဍာရေးနှစ်အတွင်း ငွေလွှဲပြောင်းပေးမှုဟာ ပမာဏအားဖြင့် ဒေါ်လာ သန်း ၁၀၀ အထိ ရှိလာခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မိမိတို့ဘဏ်ရဲ့ ဖောက်သည်တွေရဲ့ ငွေလွှဲပြောင်းပေးမှု အားလုံးကို လုပ်ငန်းတွင်း စာရင်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး စားသုံးသူနဲ့ စွမ်းအင်ပစ္စည်းတွေအတွက် ငွေလွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ SCB ဘဏ်က ဇွန် ၂၇ ရက်မှာ ဖြေရှင်းချက် ထုတ်ထားပါတယ်။

စစ်ကောင်စီဟာ ထိုင်းအခြေစိုက်ကုမ္ပဏီတွေကတဆင့် လေယာဉ်ဆီ ဝယ်ယူခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ အမှန်တရားကို ဖော်ထုတ်သွားမှာ ဖြစ်ကြောင်း အတိုက်အခံ Move Forward Party ပါတီက ပြောကြားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဘဏ်တွေအနေနဲ့ လိုက်နာရမယ့် စည်းကမ်းတွေအတိုင်း လုပ်ဆောင်ကြရမှာဖြစ်ပြီး ကုလသမဂ္ဂ အစီရင်ခံစာကို အစိုးရက စစ်ဆေးသွားမယ်လို့ ပြောကြားထားပါတယ်။

Ref:BangkokPost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.