ဝါရှင်တန်၊ ဇွန် ၂၉

နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို အနိုင်ယူဖို့ ရည်ရွယ်ထားကြောင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ဇွန် ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

သမ္မတဘိုင်ဒန်က ထရန့်နဲ့ စကားစစ်ထိုးပွဲ ပြုလုပ်ရာမှာ သူရဲ့ စွမ်းဆောင်ရည် မကောင်းခဲ့ကြောင်း အသိအမှတ်ပြုထားပြီး သူ့ရဲ့ ဒီမိုကရက်ပါတီဝင် အပေါင်းအပါတွေကလည်း အားမရ ဖြစ်ခဲ့ကြပါတယ်။

မိမိဟာ လူငယ်တစ်ယောက် မဟုတ်တော့သလို အရင်လို လမ်းမလျှောက်နိုင်တော့တဲ့အပြင် ကောင်းကောင်း စကားစစ် မထိုးနိုင်တော့ကြောင်း သမ္မတ ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

ရီပက်ဘလေကန်ပါတီဘက်က ပြိုင်ဖက် သမ္မတဟောင်း ထရန့်နဲ့ စကားစစ်ထိုးရာမှာ သမ္မတ ဘိုင်ဒန် ရှုံးနိမ့်ခဲ့တယ်လို့ အများက ရှုမြင်ထားကြပါတယ်။

ဒါပေမဲ့ သူ့အနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် အစီအစဉ်ကို လက်လျှော့ အဆုံးသတ်သွားမှာ မဟုတ်ဘူးလို့ ဘိုင်ဒန်က ပြောပါတယ်။

အသက် ၈၁ နှစ်အရွယ် သမ္မတ ဘိုင်ဒန်ဟာ စကားစစ်ထိုးရာမှာ မကြာခဏ ခပ်ဆိုင်းဆိုင်း ဖြစ်နေခဲ့တာကြောင့် နောက်ထပ် လေးနှစ် တာဝန်ထမ်းဆောင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ မဲပေးသူတွေက စိုးရိမ်နေကြပါတယ်။

သမ္မတရဲ့ အပေါင်းအပါ ဒီမိုကရက်တွေက နိုဝင်ဘာလ ရွေးကောက်ပွဲ အတွက် ဘိုင်ဒန်ရဲ့ နေရာမှာ အခြားကိုယ်စားလှယ်လောင်း တစ်ဦး အစားထိုးလို့ ရ၊မရ သိချင်နေကြပါတယ်။

အဲဒီလို ဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ ပြောဆိုမှုတွေ မရှိဘူးလို့ ဘိုင်ဒန်ရဲ့ မဲဆွယ်ရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ် တိုင်လာက ပြောကြားထားပါတယ်။

အသက် ၇၈ နှစ်အရွယ် သမ္မတဟောင်း ထရန့်က စကားစစ်ထိုးရာမှာ မှားယွင်းတဲ့အချက်တွေ အများကြီး ထည့်သွင်း ပြောဆိုသွားတာ တွေ့ရပြီး ဒီမိုကရက်တွေကို အပြစ်ရှာခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတ ဘိုင်ဒန်ရဲ့ မဲဆွယ်ရေးအဖွဲ့ဟာ ရန်ပုံငွေတွေ အများကြီး ရရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက သူတို့နှစ်ယောက်ရဲ့ စကား စစ်ထိုးပွဲကို ကြည့်ရှု အားပေးသူ အမေရိကန်နိုင်ငံသား ၇၃ သန်း ရှိခဲ့ပေမယ့် အခုနောက်ဆုံး စကားစစ်ထိုးပွဲကို ကြည့်ရှု အားပေးတဲ့ အမေရိကန်နိုင်ငံသား ၄၈ သန်းပဲ ရှိခဲ့ပါတယ်။

သမိုင်းတလျှောက် အသက်အကြီးဆုံး အမေရိကန်သမ္မတ ဖြစ်တဲ့ ဘိုင်ဒန်ဟာ ဒီမိုကရက်ပါတီရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအတွင်းမှာ အလွယ်တကူပဲ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သမ္မတဟောင်း ထရန့်ကတော့ ရီပက်ဘလေကန်ပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအတွင်းမှာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ထရန့်ရဲ့ မဲဆွယ်ရေး အဖွဲ့က ဘိုင်ဒန် အထစ်အထစ် အငေါ့ငေါ့ ဖြစ်နေပုံ ဗီဒီယိုကို ဖော်ပြပြီး သူဟာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ အံဝင်ဂွင်ကျ မရှိတော့ဘူးလို့ ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.